မီတာ ၇၉၉ လုံး ခိုးယူသုံးစွဲခဲ့တာဖြစ်ပါတယ်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်  ၉ လအတွင်း ခိုးယူသုံးစွဲခဲ့တဲ့ မီတာ ၇၉၉ လုံးကနေ ကျပ်သိန်းတစ်သောင်းခွဲ ကျော် ကို လျော်ကြေး၊ နစ်နာကြေးအဖြစ် ဝန်ကြီးဌာနက ပြန်လည် တောင်းခံထားတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောပါတယ်။

Photo- ပြည်ထောင်စုလွှတ်တော်

စက်တင်ဘာ ၄ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လာမယ့်ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်းနဲ့ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေကို သက်ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးတွေက ရှင်းလင်းရာမှာ လျှပ်စစ်ဒုဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၁၈ အောက်တိုဘာလကနေ ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ လျှပ်စစ်ခိုးယူသုံးစွဲမှုနဲ့ ပတ်သက်ပြီး နစ်နာကြေးရရှိအောင် မီတာအလုံးရေပေါင်း ၇ သိန်းကျော် ကိုစစ်ဆေးခဲ့တဲ့အနက် ၇၉၉ လုံးက ခိုးယူသုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်ကဆိုပါတယ်။

“ စစ်ဆေးဆောင်ရွက်ခဲ့တဲ့ မီတာလုံးရေပေါင်း ၇၇၈၂၅၁ လုံးရှိပါတယ်။ တရားမဝင် ခိုးယူသုံးစွဲမှုကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့တာ ထို ၇ သိန်းကျော်ကနေ ၇၉၉ လုံးရှိပြီး ပြန်လည်တောင်းခံခဲ့တဲ့ နစ်နာကြေးက ကျပ်သန်းပေါင်း ၁၅၂၁ ဒဿမ ၇၈၂ သန်းဖြစ်ပါတယ်။ “ လို့ ဒုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

မီတာခိုးယူသုံးစွဲမှုတွေကို စိစစ်ရာမှာ ခိုးယူသုံးစွဲထားတဲ့ ဓာတ်အားယူနစ် ခြောက်သန်းကျော်အတွက် နစ်နာကြေး၊ လျော်ကြေး ကျပ်သန်းပေါင်း ၁၅၀၀ ကျော်ကို ဝန်ကြီးဌာနက ပြန်လည်တောင်းခံထားတာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုဟာ ၂၁ ရာခိုင်နှုန်းရှိနေပြီး နည်းပညာကြောင့် ပျောက်ဆုံးမှုက ၇ ရာခိုင်နှုန်းခန့်၊ နည်းပညာကြောင့်မဟုတ်ဘဲ တရားမဝင်ခိုးယူသုံးစွဲမှုကြောင့် ပျောက်ဆုံးမှုက ၁၃ ရာခိုင်နှုန်းခန့် ရှိနေတယ်လို့သိရပါတယ်။

လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုစာရင်းတွေမှာ ခိုးယူသုံးစွဲမှုကြောင့် ဆုံးရှုံးနေတဲ့ လျှပ်စစ်တန်ဖိုးပမာဏ တစ်နှစ်ကို ကျပ်ဘီလီယံ ၃၅၀ ခန့်ရှိနေတယ်လို့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကနေ သိရပါတယ်။

Share

Loading Next Article...
က္က