မှားယွင်းရိုက်နှိပ်မိရင် ပြန်ဖျက်လို့မရတဲ့ လက်နှိပ်စက်သုံးပြီး ပုံတူပန်းချီပုံတွေ သရုပ်ဖော်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ နေအိမ်တစ်အိမ်ကနေ လက်နှိပ်စက်ရိုက်သံတွေကို ကြားနေရလေ့ရှိပါတယ်။ ထိုအိမ်ကတော့ ချန်ဒရာခန့် ဘီဟိုက်ရဲ့ နေအိမ်ဖြစ်ပြီး လက်နှိပ်စက်တစ်လုံးဖြင့် သူ့ရဲ့ အနုပညာလက်ရာကို ပုံဖော်နေတာပဲ ဖြစ်ပါတယ်။

Photo: INDRANIL MUKHERJEE/AFP



အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချန်ဒရာက လက်နှိပ်စက်ဖြင့်ရိုက်ပြီး နာမည်ကျော်ကြားသူတွေ ပုံဖော်နိုင်သူပါ။ မှားယွင်းရိုက်နှိပ်မိရင် ပြန်ဖျက်လို့မရတဲ့ လက်နှိပ်စက်သုံးပြီး ပုံတူပန်းချီပုံတွေ သရုပ်ဖော်ဖို့ဆိုတာ အမှန်တစ်ကယ် မလွယ်ကူလှပါဘူး။

ဒါ့ပေမဲ့ ချန်ဒရာကတော့ ပြီးခဲ့တဲ့ ရာစုနှစ်ဝက်အတွင်း လက်နှိပ်စက်ရိုက်ပြီး နိုင်ငံရေးသမားတွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေကနေ ခရစ်ကတ် ကစားသမားတွေ၊ အန်နီမေးရှင်း ကာတွန်းဇာတ်ကောင်တွေနဲ့ ဘာသာရေးသင်္ကေတွေအထိ ပါဝင်တဲ့ အနုပညာလက်ရာပေါင်း ၁၅၀ ခန့်ကို ပုံဖော်ခဲ့ပါတယ်။

Photo: INDRANIL MUKHERJEE/AFP



"ကျွန်တော် မဟတ္တမဂန္ဓီ၊ ဂျဝါဟာလာနေရူး၊ အင်ဒီရာဂန္ဓီ၊ ချာလီချက်ပလင်၊ လော်ရယ်နဲ့ဟာဒီတို့လို ထင်ရှားကျော်ကြားသူတွေရဲ့ ပုံတူတွေကို လက်နှိပ်စက်နဲ့ ပုံဖော်ခဲ့ပြီးပါပြီ၊ ဒါက ကျွန်တော့်ဝါသနာ၊ ကျွန်တော့်စိတ်အားထက်သန်မှုပါပဲ" လို့ ချန်ဒရာကဆိုပါတယ်။

ချန်ဒရာက လက်နှိပ်စက်ဖြင့် ပုံဖော်ထားတဲ့ အနုပညာလက်ရာတွေကို ပြပွဲ ၁၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ၎င်းဟာ ၁၉၆၀ ပြည့် နှောင်းပိုင်းအချိန်က ဘဏ်စာရေးအဖြစ် အလုပ်လုပ်ကိုင်နေခဲ့စဉ် လက်နှိပ်စက်ဖြင့် အနုပညာလက်ရာတွေ ပုံဖော်နိုင်မှုကို သိရှိခဲ့ကြပြီးနောက် အိန္ဒိယမှာ ကျော်ကြားသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

Photo: INDRANIL MUKHERJEE/AFP



ချန်ဒရာက လူငယ်အရွယ်မှာ အနုပညာကျောင်းတက်ပြီး စီးပွားဖြစ် အနုပညာရှင်တစ်ယောက် ဖြစ်ချင်ခဲ့သူပါ။ သို့သော် ၎င်းရဲ့ မိသားစုက အနုပညာကျောင်းအတွက် ကုန်ကျစရိတ် မတတ်နိုင်ခဲ့တာကြောင့် လက်ရေးတို လက်နှိပ်စက်သင်တန်းကိုသာ တက်ရောက်နိုင်ခဲ့ပါတယ်။

ချန်ဒရာဟာ Union Bank of India ရဲ့ စီမံခန့်ခွဲရေးဌာနမှ အလုပ်လုပ်ကိုင်ခဲ့ပြီး ၁၉၆၇ ခုနှစ်မှာ ၎င်းရဲ့အထက်အရာရှိက ဝန်ထမ်းတွေရဲ့ ရုံးတွင်းဆက်သွယ်ရေး ဖုန်းနံပါတ်တွေကို လက်နှိပ်စက်ဖြင့် ရိုက်ခိုင်းခဲ့ပါတယ်။



"ကျွန်တော် အဲဒီနံပါတ်တွေကို တယ်လီဖုန်းတစ်လုံးပုံဖြစ်အောင် ပုံဖော်ရိုက်နှိပ်ခဲ့တယ်၊ အဲဒီအချိန်မှာပဲ ကျွန်တော် တွေးခဲ့မိတယ်၊ ဒါ အတော်ကောင်းတာပဲ၊ ကျွန်တော် ဒီနည်းကိုသုံးပြီး အနုပညာလက်ရာတွေ ဖန်တီးနိုင်မယ်လို့ သိလာခဲ့တယ်" လို့ ချန်ဒါရာက သူ့ရဲ့အမှတ်တရတွေကို ပြန်ပြောပါတယ်။

ချန်ဒရာက လက်နှိပ်စက်မှ 'x' စာလုံးကိုရိုက်နှိပ်ပြီး ဟိန္ဒူနတ်ဘုရား Ganesha ပုံကို စတင်ဖန်တီး ပုံဖော်ခဲ့ပါတယ်။ ထို့နောက် လက်နှိပ်စက်မှ အခြား စာလုံးနဲ့ခလုတ်တွေဖြစ်တဲ့ 'w' 'dash' 'asterisk' 'ampersand' နဲ့ 'percentage' တို့ကိုသုံးပြီး အိန္ဒိယနဲ့ နိုင်ငံရပ်ခြားမှ ထင်ရှားကျော်ကြားသူတွေရဲ့ ပုံတူပန်းချီတွေကို ဖန်တီးခဲ့ကြောင်း သိရပါတယ်။

Photo: INDRANIL MUKHERJEE/AFP



ချန်ဒရာက ပုံတူပန်းချီတွေ အားလုံးကို ဘဏ်မှာအလုပ်လုပ်ခဲ့စဉ် နှစ်ပေါင်း ၃၀ ကြာ အသုံးပြုခဲ့တဲ့ Halda တံဆိပ် လက်နှိပ်စက်တစ်လုံးတည်းဖြင့် ရိုက်နှိပ်ပုံဖော်ခဲ့တာလည်း ဖြစ်ပါတယ်။ Union ဘဏ်ကနေ ချန်ဒရာ အငြိမ်းစားယူခဲ့စဉ် အဆိုပါ လက်နှိပ်စက်ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိမှာ ချန်ဒရာက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒါမိုဒီတို့ရဲ့ ပုံတူပန်းချီတွေကို လက်နှိပ်စက်ရိုက်ပြီး ပုံဖော်သွားရန် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

"ဒီလက်နှိပ်စက်ကနေ ကျွန်တော် အလွန်များပြားတဲ့ အကြောင်းအရာတွေ လေ့လာသင်ယူရရှိခဲ့ပါတယ်၊ လက်နှိပ်စက်ရိုက်ခြင်းက အနုပညာတစ်ရပ်ပါပဲ" လို့ ချန်ဒါရာက ပြောပါတယ်။

Share

Loading Next Article...
က္က