ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ရဲ့ ပထမနေ့ပွဲတွေကို ဒီနေ့မနက်ပိုင်းက ကစားခဲ့ရာမှာ ရီးရဲလ်မက်ဒရစ်နဲ့ အေစီမီလန်တို့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါပြီ။ စတန်းဖို့ဘရစ်မှာ ချယ်လ်ဆိးနဲ့ ကစားခဲ့တဲ့ ရီးရဲလ်က ပထမအအကျော့က ရလဒ်အတိုင်း အနိုင်ရခဲ့ပြိး ရိုဒရိုင်ဂိုရဲ့ သွင်းဂိုးတွေနဲ့အတူ နှစ်ကျော့ပေါင်းရလဒ် ၄-၀ ဆိုပြိး ဖြစ်ခဲ့ပါတယ်။
ချယ်လ်ဆီးနည်းပြလမ်းပတ်အတွက်တော့ ဒါဟာ လေးပွဲဆက်တိုက်အရေးနိမ့်ခဲ့တာဖြစ်ပြီး LLLL ဆိုတဲ့ ရလဒ်ဖြစ်နေကာ LLLL လမ်းပတ်ဆိုပြီး နာမည်တွင်နေပါပြီ။ ချယ်လ်ဆီးတို့ အိမ်ကွင်းမှာလည်း ဘာမှထူးထူးခြားခြားမလုပ်ပြနိုင်ခဲ့ဘဲ ဂိုးတောင်မသွင်းနိုင်ခဲ့ပါဘူး။ ဂိုးကန်သွင်းချက် ၁၉ ကြိမ်အထိ ရခဲ့ကာ ၆ ကြိမ်ဂိုးပေါက်တည့်ပေမယ့် တဂိုးမှမရခဲ့တာကတော့ စိတ်ပျက်စရာပါပဲ။
ချန်ပီယံလိဂ်ဘုရင်ကြီးရီးရဲလ်ကတော့ ဒီပြိုင်ပွဲမှာဆိုရင် ဘယ်လိုကစားရမလဲဆိုတာကို ကောင်းကောင်းကြီးနောကျေနေတာကို ထပ်မံပြသသွားခဲ့ပါတယ်။ အချိန်တန်ရင် ငါတို့ပဲနိုင်မှာဆိုတဲ့ ခံယူချက်နဲ့ ကစားပုံက ချီးကျူးစရာပါပဲ။ အခု ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပြီဖြစ်လို့ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ နောက်ခြေလှမ်းကို လှမ်းနိုင်ခဲ့ပါြပီ။
နောက်ထပ်ပွဲမှာတော့ အေစီမီလန်က အဝေးကွင်းမှာ နာပိုလီကို သရေကစားနိုင်ခဲ့ပါတယ်။ ပထမအကျော့က ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ အေစီက ဒီပွဲမှာလည်း ဂီရော့ဒ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး အခြေအနေကောင်းကို ဖန်တီးနိုင်ခဲ့ပါတယ်။ အော့ဆီမန်ပြန်ပါလာတဲ့ နာပိုလီတို့ ဖိအားပေးကစားနိုင်ခဲ့ပေမယ့် အေစီခံစစ်ကို ကျော်ဖြတ်ဖို့ ခက်ခဲခဲ့ပါတယ်။
တပွဲလုံးမှာ ဂိုးကန်သွင်းချက် ၂၃ ကြိမ်အထိ လုပ်နိုင်ခဲ့ပေမယ့် ၆ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး ပွဲပြီးခါနီးမှာမှာ အော့ဆီမန်သွင်းတဲ့ ချေပဂိုးရခဲ့တာပါ။ ခါဗရာကတော့ ပင်နယ်တီမဝင်ခဲ့လို့ ဒီပွဲရဲ့ ဗီလိန်ဖြစ်ခဲ့ရပြီး အေစီကို အလွယ်တကူကျော်ဖြတ်နိုင်မယ်လို့ ထင်ခဲ့ရတဲ့ နာပိုလီတို့ နှစ်ကျော့ပေါင်းရလဒ် ၂-၁ နဲ့ အရေးနိမ့်ကာ ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီဖြစ်ပါတယ်။