များပြားလာနေတဲ့ ရန်ကုန်မြို့ ကလမ်းဘေးခွေးတွေကို မျှိုးပွားမှု ထိန်းချုပ်ရေး လုပ်ဆောင်ဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ဆေးဝါးအလှူရှင်တွေ လိုအပ်နေတယ်လို့ တိရစ္ဆာန် ဆေးကုသရေးနှင့်သားသတ်ရုံများဌာနမှ ဒေါက်တာ လှမေဦးက ပြောပါတယ်။
လမ်းဘေးခွေးတွေမှာ ခွေးထီးတွေကို သင်းကွပ်ခြင်း၊ကာကွယ်ဆေးထိုးနှံပေးခြင်းတွေကို ဆောင်ရွက်နိုင်ဖို့ မြို့တော်စည်ပင်အနေနဲ့ကတော့ ဆေးဝါးအလှူရှင်ရှိပါက ချက်ချင်းကွင်းဆင်းဆောင်ရွက်ပေးနိုင်မယ်လို့ ဆိုပါတယ်။
“ ကျွန်မတို့မှာ လုံလောက်တဲ့ ဆရာဝန်တွေလည်းရှိပါတယ်။ ကွင်းဆင်းဆောင်ရွက်နိုင်ပါတယ်။ ခွဲစိတ်ဆေးဝါးတွေကို လှူဒါန်းပေးမယ့် အလှူရှင်တွေရှိလာရင် ကျွန်မတို့က နည်းပညာနဲ့ အခမဲ့ဆောင်ရွက်ပေးသွားမှာပါ။ “ လို့ ဒေါက်တာလှမေဦးက ပြောပါတယ်။
လက်ရှိမှာ သာကေတမြို့နယ်အတွက် ခွေးရူးကာကွယ်ဆေး အလုံး ၂၀၀၀ လှူဒါန်းမယ့်အလှူရှင်ရှိနေပြီး ကာကွယ်ဆေးထိုးပေးတာအပြင် မျိုးပွားမှုထိန်းချုပ်မယ့်စီမံကိန်းအတွက်ပါ အလှူရှင်ရှိခဲ့ရင် တစ်ပါတည်းဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်းလမ်းမတော်၊လသာ၊ပန်းဘဲတန်း၊ကျောက်တံတားမြို့နယ်တို့မှာ လမ်းဘေးခွေးမျိုးပွားမှု ထိန်းချုပ်ရေးစီမံချက်တွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ စည်ပင်ဘတ်ဂျက်အနေနဲ့ ခွေးလေခွေးလွင့်တွေကို မျိုးပွားမှု ထိန်းချုပ်ရေးစီမံချက်လုပ်ဆောင်တာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။ ရန်ကုန်မြို့ မှာ ကျင်လည်ကျက်စားနေတဲ့ ခွေးလေခွေးလွင့်ပေါင်း ၁ သိန်းခွဲခန့်ရှိနေပြီး ဆင်ခြေဖုံးမြို့နယ်တွေ ဖြစ်တဲ့ လှိုင်သာယာ၊ ရွေပြည်သာနဲ့ မင်္ဂလာဒုံမြို့နယ်တို့မှာ အများဆုံးရှိနေတာ ဖြစ်ပါတယ်။