လေလွင့်ကလေးငယ်တွေ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုရဖို့ ရည်ရွယ်တာပါ။

လမ်းပေါ်နေ လေလွင့်ကလေးငယ်တွေ ဆော့ကစားလို့ရနိုင်အောင် ရည်ရွယ်ပြီး အပြေးပြိုင်ပွဲတစ်ခုကို ရန်ကုန်မြို့ ကျိုက္ကစံအားကစားကွင်းမှာ ဒီဇင်ဘာ ၂၃ ရက်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။



Photo - Junior Dream (Junior Dream အဖွဲ့မှ လေလွင့်ကလေးငယ်တွေကို အလှူသွားရောက်ပြုလုပ်စဉ်)

လမ်းပေါ်နေ ကလေးငယ်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ Junior Dream အဖွဲ့ အဓိက ဦးစီးကျင်းပမှာ ဖြစ်ပြီး လမ်းပေါ်နေကလေးငယ်တွေ စိတ်ပိုင်းဆိုင်ရာ ပျော်ပျော်ရွှင်ရွှင်ဖြစ်စေဖို့အတွက် ရည်ရွယ်ပြီးလုပ်ပေးတာလို့ Junior Dream အဖွဲ့တည်ထောင်သူ မဣနြေ္ဓနေနွယ်က Duwun ကိုပြောပါတယ်။

“သူတို့က အမြဲတမ်း ပင်ပန်းနေရတော့ သူတို့ စိတ်ပိုင်းဆိုင်ရာအားလေးတစ်ခုဖြစ်သွားအောင်။ အပြေးပြိုင်ပွဲဆိုတော့ ဆုတွေလည်းပေးမယ်။ မုန့်တွေလည်းကြွေးမယ်ဆိုတော့ သူတို့တွေအနေနဲ့ ပျော်ရွှင်မှုတွေ တတ်ကြွမှုတွေ ရလာအောင်လို့ပါ။ တစ်နေရာတည်းမှာ ဘဝတူကလေးတွေ တွေ့ရတော့ ပတ်ဝန်းကျင် သိုက်သိုက်ဝန်းဝန်းလေးဖြစ်လာမယ်” လို့ ဣနြေ္ဓနေနွယ်က ပြောပါတယ်။

Photo- Junior Dream

လေလွင့်ကလေးငယ်တွေအတွက် အပြေးပြိုင်ပွဲကို ပြီးခဲ့တဲ့နှစ်က ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပြီး ကလေးငယ်ပေါင်း ၇၀ ကျော်ပါဝင်ခဲ့တယ်လို့လည်းသိရပါတယ်။

လေလွင့်ကလေးငယ်တွေဟာ ရန်ကုန်မြို့တွင်း အများစု မှာ ကျင်လည်လှုပ်ရှားကြပြီး လှိုင်သာယာ၊ရွှေပြည်သာ၊ တောင်ဒဂုံနဲ့ ဒလမြို့နယ်စတဲ့ ဆင်ခြေဖုံုးတွေမှာ နေထိုင်ကြတာလည်းဖြစ်ပါတယ်။

ရန်ကုန်တိုင်းလူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ လမ်းပေါ်နေ ကလေးသူငယ်ပေါင်း ၂၇၀ ကျော်ကို ထိန်းသိမ်းစောင့်ရှောက်ရေးသင်တန်းကျောင်းတွေမှာ စောင့်ရှောက်ထိန်းသိမ်းထားတယ်လို့ နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်တဲ့အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ နေ့ အထိမ်းအမှတ်ပွဲမှာ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီးက ပြောကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က