မွေးဖွားစဉ်က ပန်းသီးအကြီးတစ်လုံးရဲ့ အလေးချိန်မျှသာရှိခဲ့ပါတယ်။

အမေရိကန်မှာ လမစေ့မီ မွေးဖွားခဲ့ပြီး ပန်းသီးအကြီးတစ်လုံးရဲ့ အလေးချိန်မျှသာရှိခဲ့တဲ့ ကမ္ဘာ့အသေးဆုံး ကလေးငယ်ဟာ အသက်ရှင်ခဲ့ကာ ကျန်းမာစွာဖြင့် ဆေးရုံမှဆင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

(ဘွဲ့ဦးထုပ်လေးနဲ့ Baby Saybie ကို သူနာပြုတစ်ဦး ချီမြှောက်ပြသနေစဉ်) (Photo: AFP)

မေ ၂၉ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် ဆေးရုံတစ်ရုံကနေ အိမ်ပြန်နိုင်ပြီဖြစ်တဲ့ အဆိုပါ ကလေးငယ်ဟာ မွေးဖွားချိန်မှာ ကိုယ်အလေးချိန် ၈.၆ အောင်စမျှသာရှိပြီး ကြီးမားတဲ့ ပန်းသီးတစ်လုံးရဲ့ အလေးချိန်နဲ့တူညီနေပါတယ်။



ဆေးရုံဝန်ထမ်းတွေက Baby Saybie လို့ အမည်ပေးထားခဲ့ကြတဲ့ မိန်းကလေးငယ်ကို မိခင်ဖြစ်သူက ကိုယ်ဝန်ဆောင်ကာလ ၂၃ ပတ်နဲ့ ၃ ရက် (၆ လနီးပါး) ဖြင့် စန်ဒီယေဂိုမြို့ရှိ Sharp Mary Birch အမျိုးသမီးနဲ့ မွေးကင်းစကလေး ဆေးရုံမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း မွေးဖွားခဲ့တာဖြစ်ပါတယ်။

(ကမ္ဘာ့အသေဆုံး မိန်းကလေးငယ် Baby Saybie) (Photo: AP)

Baby Saybie ကို မွေးဖွားခဲ့ပြီးနောက် ကလေးငယ်ဟာ အသက်ရှင်နိုင်ဖွယ်မရှိဘူးလို့ ယူဆရတာကြောင့် မသေဆုံးမီ သူမနဲ့အတူ တစ်နာရီကြာမျှ ရှိနေနိုင်ကြောင်း ဆရာဝန်တွေက ဖခင်ဖြစ်သူကို ပြောခဲ့ကြပါတယ်။

"ဒါပေမဲ့ အဲဒီ တစ်နာရီကနေ နှစ်နာရီဖြစ်လာတယ်၊ ပြီးတော့ တစ်ရက်ကြာလာတယ်၊ တစ်ရက်ကနေ တစ်ပတ်ဖြစ်လာတဲ့အထိ ကျွန်မ သမီးလေး အသက်ရှင်နေဆဲပဲ" လို့ ဆေးရုံက ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ Baby Saybie ရဲ့ မိခင်က ပြောထားပါတယ်။ Baby Saybie ရဲ့ အသက်ကိုကယ်တင်ရန်အတွက် သူမကို ဆေးရုံရဲ့ အထူကြပ်မတ်ကုသဆောင်သို့ ရွှေ့ပြောင်းထားခဲ့တယ်လို့ ဆိုပါတယ်။

(ကျန်းမာစွာဖြင့် ဆေးရုံမှဆင်းနိုင်ခဲ့ပြီဖြစ်သည့် Baby Saybie) (Photo: AP)

ထိုစဉ်ကတည်းက ပန်းသီးကြီးတစ်လုံး အရွယ်မျှသာရှိတဲ့ Baby Saybie လေးကို အသက်ရှင်နိုင်ရန် ပြုစုကုသခဲ့ကြရာ ယခု ငါးလအကြာမှာတော့ သူမရဲ့ ကိုယ်အလေးချိန်က ၅.၆ ပေါင် ဖြစ်လာခဲ့ပြီး ကျန်းမာစွာဖြင့် ဆေးရုံကနေ အိမ်ပြန်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

"ဒီ သမီးလေးက အံ့သြဖွယ်ရာပါပဲ၊ သေချာပါတယ်" လို့ Baby Saybie ကို ပြုစုခဲ့တဲ့ သူနာပြုတွေအနက် တစ်ဦးဖြစ်သူ Kim Norby က ပြောပါတယ်။ အိုင်အိုဝါတက္ကသိုလ်မှ Tiniest Babies Registry ရဲ့ အဆိုအရ Baby Saybie ဟာ လမစေ့ဘဲ မွေးဖွားခဲ့ပြီး အသက်ရှင်ခဲ့တဲ့ ကမ္ဘာ့အသေဆုံး ကလေးငယ်ဖြစ်မယ်လို့လည်း သိရပါတယ်။ ယခင်က လမစေ့ဘဲ မွေးဖွားခဲ့တဲ့ ကမ္ဘာ့အသေးဆုံး မိန်းကလေးအဖြစ် ၂၀၁၅ ခုနှစ်အတွင်း ဂျာမနီမှာ ကိုယ်အလေးချိန် ၈.၉ အောင်စဖြင့် မွေးဖွားခဲ့တဲ့ မိန်းကလေးငယ်က စံချိန်တင်ထားခဲ့တယ်လို့ ဆိုပါတယ်။

(ဂျပန်မှာ မွေးဖွားခဲ့သည့် ကမ္ဘာ့အသေးဆုံး ယောက်ျားလေး) (Photo: Keio University Hospital)

ယမန်နှစ် သြဂုတ်လအတွင်း ဂျပန်နိုင်ငံမှာ ကိုယ်အလေးချိန် ၉.၄၅ အောင်စဖြင့် မွေးဖွားခဲ့တဲ့ ယောက်ျားလေးကတော့ လမစေ့ဘဲ မွေးဖွားခဲ့ပြီး အသက်ရှင်ခဲ့တဲ့ ကမ္ဘာ့အသေဆုံး ယောက်ျားလေးအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဂျပန်ယောက်ျားလေး ကလေးငယ်ဟာ ယခုနှစ် ဖေဖေါ်ဝါရီလကုန်မှာ ကိုယ်အလေးချိန် ၇ ပေါင်ဖြစ်လာခဲ့ပြီးနောက် ဆေးရုံမှဆင်းနိုင်ခဲ့ကြောင်း BBC သတင်းက ဖော်ပြထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က