သူမရဲ့ အောင်မြင်မှုကတော့ အံ့မခန်းအောင်ပါပဲ။

မို့မို့မြင့်အောင်ရဲ့ တစ်ချိန်တုန်းက အောင်မြင်မှုကတော့ အံ့မခန်းအောင်ပါပဲ။ ဒီအောင်မြင်မှုတွေကို သူ့ရဲ့ ဓာတ်ပုံ အဟောင်းလေးတွေကနေကြည့်ရင် သိနိုင်ပါတယ်။

Photo: မို့မို့မြင့်အောင်



အရင်တုန်းက အနုပညာလောကမှာ မင်းသားတွေထက် အောင်မြင်မှုပိုများခဲ့တဲ့ အကယ်ဒမီများရှင် မို့မို့မြင့်အောင်က သူမရဲ့ ပြက္ခဒိန်ရိုက်ခဲ့ဖူးတဲ့ ဓာတ်ပုံအဟောင်းလေးအကြောင်းပြောပြလာပါတယ်။ ဒီဓာတ်ပုံတွေထဲမှာ သူမကို လမ်းတွေပိတ်ရတဲ့အထိအောင် လာအားပေးကြတဲ့ ပရိသတ်တွေရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

‘’မို့တို့က အလုပ်ကိုပဲ ဇွဲကပ်နေကြတာ။ မီးရထားဂုံးတံတား(ယခင်အဟောင်း) ပေါ်မှာရိုက်နေတာ။ ကားသံတွေ လူသံတွေကြားလို့၊ တံတားအောက်ကြည့်လိုက်တော့မှ မို့ ချစ်ပရိသတ် တံတားအောက်က လမ်းတွေ ပိတ်သွားအောင် အားပေးနေတာတွေ့။ မို့ ပရိသတ်ရဲ့ အချစ်တွေကြောင့် မို့ ခွန်အားအများကြီးရလိုက်ပါတယ်။ အဲဒီတုန်းက ပါတဲ့ ပရိသတ်များရှိရင် အလွမ်းပြေနိုင်ပါစေနော်’’ လို့ မေလ ၁၆ ရက်နေ့ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: မို့မို့မြင့်အောင်

ဓာတ်ပုံအဟောင်းလေးတွေရဲ့ အမှတ်တရတွေကို မေးတတ်လေ့ရှိတဲ့ အမာခံ ပရိသတ်လေးတွေရှိတယ်လို့ မိ့ုမို့မြင့်အောင်က ပြောပါတယ်။

‘’ချစ်ခင်လေးစား တန်ဖိုးထားရပါသော ပရိသတ်ကြီးနှင့် We Love MMMA ချစ်သူတို့ရှင်။ တစ်လောက မို့ဓာတ်ပုံလေးအကြောင်း သိချင်တယ် ပြောလာတဲ့အတွက် ဓာတ်ပုံလေးအကြောင်း ရှင်းပြလိုက်တယ်နော်။ ဒီပုံလေး မီးရထားဝန်ကြီးဌာနအတွက် ပြက္ခဒိန် အဝတ်အစား ၂ စုံရိုက်တာ ၁ စုံရွေးဖြစ်သွားတယ်ပေါ့။ မရွေးဖြစ်တဲ့ပုံကို မို့က အဆိုတော် အေသင် တေးစီးရီးထုတ်တော့ ကာဗာ သုံးလိုက်ပါတယ်။ အဲဒီပုံကို ဓာတ်ပုံပညာရှင် ပြန်မြန်မာ ဦးအောင်ထွန်းနိုင်က ရိုက်တာပါ’’ လို့ ဆိုပါတယ်။

Photo: မို့မို့မြင့်အောင်

မိ့ုမို့မြင့်အောင်နဲ့ သူမကိုချစ်ကြတဲ့ အမာခံပရိသတ်လေးတွေဟာ မကြာခဏဆိုသလို အလှူအတန်းတွေလုပ်၊ ပျော်ပျော်ပါးပါး တွေ့ဆုံဖြစ်ကြတာတွေရှိပါတယ်။ ဒီပရိသတ်လေးတွေကြောင့်လည်း သူမဟာ အမြဲတမ်း ပြုံးပျော်ရွှင်နေရသူတစ်ယောက်ပါ။ ဖေဖော်ဝါရီလ အတွင်းမှာကျရောက်ခဲ့တဲ့ မို့မို့မြင့်အောင်နဲ့ ခင်ပွန်းဖြစ်သူ တို့ရဲ့ အိမ်ထောင်သက် ၃၂ နှစ်ပြည့် အမှတ်တရ နေ့တုန်းကလည်း We Love လေးတွေ လုပ်ပေးတဲ့ Surprise ကြောင့် ပျော်ရွှင်ဝမ်းသာခဲ့တာကို တွေ့ရပါတယ်။

Photo: မို့မို့မြင့်အောင်

မို့မို့မြင့်အောင်(Moht Moht Myint Aung)ဟာ ၁၉၈၀ ခုနှစ်က ‘’မွန်းတည့်ချိန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။

အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က