လီဗာပူးဂန္တဝင်ကစားသမား ဂျေမီကာရေဂါဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ချယ်ဆီးအသင်းအနေနဲ့ ထိပ်ဆုံးလေးနေရာအတွင်း ဝင်ရောက်နိုင်လိမ့်မယ်လို့ လုံးဝယုံကြည်ထားတယ်လို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီ နည်းပြ ဆာရီလက်ထက် အဆင့် ၃ နေရာမှာ ရာသီပိတ်သိမ်းနိုင်ခဲ့ပြီး အပြောင်းအရွှေ့ပိတ်ဆို့မှုပြစ်ဒဏ်ချမှတ်ခံရမှုကြောင့် ယခုရာသီ နည်းပြသစ်လမ်းပတ်လက်ထက်မှာ ရုန်းကန်ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။
ချယ်ဆီးအသင်းဟာ ရာသီသစ်မစတင်မီမှာ အသင်းရဲ့ကြယ်ပွင့်ကစားသမားဖြစ်တဲ့ အီဒင်ဟာဇက်ကို ထွက်ခွာခွင့်ပြုခဲ့ရပေမယ့် ချယ်ဆီးအသင်းရဲ့ ရာသီသစ်မှာ ကောင်းမွန်တဲ့အစပြုမှုကိုတော့ ကာကွယ်တားဆီးနိုင်ခဲ့ခြင်းမရှိပါဘူး။
လမ်းပတ်ရဲ့ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်အဖွင့် ၁၀ ပွဲကစားပြီးချိန်မှာ ရမှတ် ၂၀ အထိ ရယူနိုင်ခဲ့ပြီး အဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ လူစာရင်းအပြောင်းအလဲများစွာပြုလုပ်ခဲ့တဲ့ ချယ်ဆီးအသင်းဟာ ယမန်နေ့ညက မန်ချက်စတာယူနိုက်တက်အသင်းကို ကရာဘောင်ဖလားစတုတ္ထအဆင့်ပွဲစဉ်မှာ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် ရာသီအစတုန်းက ချယ်ဆီးကို နည်းနည်းစိုးရိမ်မှုရှိခဲ့ပါတယ်။ အတွေ့အကြုံအများကြီးမရှိသေးတဲ့ ငယ်ရွယ်တဲ့နည်းပြလေ”
“သူတို့တွေ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားကိုလည်း ဆုံးရှုံးခဲ့ပြီး ကစားသမားသစ်လည်း ခေါ်ယူလို့ မရခဲ့ပါဘူး”
“သူတို့တွေ နှစ်အတော်ကြာ အရမ်းကောင်းမွန်တဲ့လူငယ်အသင်းရှိနေခဲ့တာကို ကျွန်တော်တို့ သိပါတယ်။ သူတို့တွေ လူငယ်ကစားသမားတွေကို အခွင့်အရေးပေးနေပါတယ်။ ဒါပေမယ့် သူတို့က အဲဒီအခွင့်အရေးကို ယူရုံတင်မဟုတ်ဘဲ ကြည့်ရတာ လုံးဝကို ထိပ်တန်းကစားသမားတွေလိုပါပဲ”
“ခင်ဗျား တွေးနေတာက ဒီ ၂ နှစ် ဒါမှမဟုတ် ၃ နှစ်အတွင်းမှာ ဒီလူငယ်ကစားသမားတွေက တကယ်ကို ထူးခြားလာမယ်ပေ့ါ။ ငယ်မွေးခြံပေါက်ကစားသမားတွေနဲ့ အသင်းတစ်သင်း။ မန်ချက်စတာယူနိုက်တက် အဲဒီနှစ်တွေမှာ ဘာတွေများ လုပ်နေခဲ့လဲလို့ ခင်ဗျား တွေးမှာပါ”
“ဒါပေမယ့် လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ဒီ လူငယ်ကစားသမားတွေက စူပါစတားတွေနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို နောက်ထပ်တစ်ကြိမ် စိန်ခေါ်ဖို့အတွက် ဖြည့်စွက်မှုဖြစ်လာမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒီရာသီမှာတော့ သူတို့ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မယ်လို့ ကျွန်တော် မမြင်ပါဘူး”
“ဒီရာသီမှာ သူတို့ ထိပ်ဆုံးလေးနေရာအတွင်းဝင်တယ်ဆိုရင် နည်းပြလမ်းပတ်က အရမ်းကောင်းမွန်တဲ့အလုပ်ကို လုပ်နိုင်ခဲ့တာပဲ”လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။