ခရီးသည်အသွားအလာ ရှုပ်ထွေးများပြားတဲ့ လန်ဒန်မြို့ မြေအောက်ရထားဘူတာရုံတစ်ခုမှာ အသက် ၉၁ နှစ်အရွယ် ခရီးသည်တစ်ဦးကို ရထားလမ်းပေါ် တွန်းချခဲ့သူ အမျိုးသားအား ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကျခံစေရန် တနင်္လာနေ့ (ဇွန် ၂၄ ရက်) မှာ တရားရုံးအမိန့် ချမှတ်လိုက်ပါတယ်။
(ရထားလမ်းပေါ်တွန်းချခံရသည့် အဘိုးအို) (Photo: Central News)
၎င်းဟာ လူသတ်ရန်ကြိုးပမ်းမှု နှစ်ခုအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် ယခုပြစ်ဒဏ် ချမှတ်လိုက်တာဖြစ်ပါတယ်။ အသက် ၄၇ နှစ်အရွယ် ပေါလ်ခရော့စ်လေကို စိတ်ပိုင်းဆိုင်ရာအရ ထောင်ဒဏ်ကျခံရသင့် မသင့် လနဲ့ချီကြာတဲ့ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် တရားသူကြီးက ထောင်ဒဏ်တစ်သက် ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။
ခရော့စ်လေဟာ အကျဉ်းထောင်မှာ အနည်းဆုံး ၁၂ နှစ်ကြာ နေထိုင်သွားရမယ်လို့ British Transport Police က ပြောခဲ့ပါတယ်။ ယခု အမှုကိစ္စနဲ့ ပတ်သက်ပြီး လုံခြုံရေးကင်မရာ မှတ်တမ်းတွေကို စစ်ဆေးခဲ့ရာမှာ ယမန်နှစ် ဧပြီ ၂၇ ရက်နေ့က ခရော့စ်လေဟာ လန်ဒန်မြို့လယ်ရှိ Tottenham Court Road ဘူတာရုံမှာ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရထားလမ်းပေါ် တွန်းချရန် ပထမအကြိမ် ကြိုးပမ်းခဲ့တာတွေ့ရပြီး မအောင်မြင်ခဲ့ပါဘူး။
(အဘိုးအိုကို ရထားလမ်းပေါ်တွန်းချခဲ့သည့် ပေါလ်ခရော့စ်လေ) (Photo: PA)
ထို့နောက် ၎င်းက Tottenham Court Road ဘူတာရုံကနေ နောက်ထပ် ဘူတာရုံနှစ်ရုံအကွာသို့ ရထားစီးသွားခဲ့ပြီး Marble Arch ဘူတာရုံကိုရောက်ရှိခဲ့ပါတယ်။ ထိုဘူတာရုံမှာတော့ ခရော့စ်လေက အသက် ၉၁ နှစအရွယ် အဘိုးအိုတစ်ဦးကို ရထားလမ်းပေါ်သို့ တွန်းချခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ ခရော့စ်လေ တွန်းချလိုက်တဲ့ အဘိုးအိုဟာ ရထားလမ်းပေါ်ကို ဦးခေါင်းဖြင့်ကျသွားခဲ့ကာ တင်ပါးဆုံရိုးကျိုး ဒဏ်ရာတွေနဲ့ ပြတ်ရှဒဏ်ရာတွေရခဲ့ကြောင်း သိရပါတယ်။
(အဘိုးအိုကို ရထားလမ်းပေါ်သို့ တွန်းချလိုက်စဉ်) (Photo: British Transport Police/PA)
အဘိုးအိုကို ရထားလမ်းပေါ်ကနေ ပြန်သယ်ခဲ့တဲ့ ပြည်သူတစ်ဦးဟာလည်း လျှပ်စစ်ဓာတ်အားရှိနေတဲ့ သံလမ်းနဲ့ထိမိပြီး ၎င်းရဲ့လက်မှာ မီးလောင်ဒဏ်ရာရခဲ့ပါတယ်။ ထိုဖြစ်ရပ်အတွက် ရဲတပ်ဖွဲ့က ခရော့စ်လေကို ဖမ်းဆီးစစ်ဆေးခဲ့ရာ "မနေ့ညတုန်းက ကောင်းကောင်းမအိပ်ခဲ့ဘူး" လို့ ပြောခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။