ကိုရီးယားနှစ်နိုင်ငံလုံးမှ အစိုးရတာဝန်ရှိသူတွေကြား ဩဂုတ်လနောက်ပိုင်း ပထမဆုံးအကြိမ် ဖုန်းဆက်သွယ်ပြောဆိုခဲ့ပါတယ်

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား အရေးပေါ် ဆက်သွယ်ရေးလိုင်းများ ယနေ့ (အောက်တိုဘာ ၄ ရက်) ပြန်လည်ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

နှစ်နိုင်ငံ ဆက်သွယ်ရေးဖုန်းလိုင်းကို တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် ဆန့်ကျင်ကန့်ကွက်မှုအဖြစ် မြောက်ကိုရီးယားက ယခုနှစ် ဩဂုတ်လအတွင်း ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်းမ်ဂျုံအန်က နှစ်နိုင်ငံအစိုးရကြား အရေးပေါ်ဖုန်းလိုင်း ပြန်ဖွင့်ထားရန် လိုလားတယ်လို့ ပြောခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဆက်သွယ်ရေးပြန်ဖွင့်ခဲ့ကြပါတယ်။



သို့သော် ၎င်းတို့ရဲ့ ဆက်ဆံရေးပြန်လည်ထားရှိခြင်းက တောင်ကိုရီးယားအာဏာပိုင်တွေရဲ့ သဘောထားအပေါ် မူတည်ကြောင်းလည်း မြောက်ကိုရီးယားက ပြောခဲ့ပါတယ်။ မြောက်ကိုရီးယား လတ်တလောအတွင်း စစ်ဘက်ဆိုင်ရာ စမ်းသပ်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေခဲ့ပါတယ်။ တစ်လမပြည့်မီအတွင်း မြောက်ကိုရီးယားက ဒုံးကျည်လေးစင်း ပစ်လွှတ်စမ်းသပ်ခဲ့ပြီး ၎င်းရဲ့ စစ်လက်နက် တိုးတက်ဖွံ့ဖြိုးရေးလုပ်ဆောင်မှုကို အရှိန်လျှော့ချရန် ရည်ရွယ်ထားခြင်းမရှိကြောင်း ပြသခဲ့ပါတယ်။

(တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး) (Photo: AFP/Korea Summit Press Pool)

ကိုရီးယားနှစ်နိုင်ငံလုံးမှ အစိုးရတာဝန်ရှိသူတွေကြား ဩဂုတ်လနောက်ပိုင်း ယနေ့ ပထမဆုံးအကြိမ် ဖုန်းဆက်သွယ်ပြောဆိုခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံရဲ့ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား အရေးပေါ် ဆက်သွယ်ရေးဖုန်းလိုင်းကို ပိတ်လိုက်ဖွင့်လိုက်လုပ်ခဲ့တဲ့ အကြိမ်ရေများတယ်လို့ ဆိုပါတယ်။

၂၀၂၀ ခုနှစ်အတွင်း တောင်နဲ့မြောက် နှစ်နိုင်ငံကြား ဆွေးနွေးပွဲမအောင်မြင်ခဲ့ပြီးနောက် ဆက်သွယ်ရေးတိုးတက်ကောင်းမွန်စေရန် တည်ဆောက်ထားတဲ့ ကိုရီးယားနှစ်နိုင်ငံ နယ်စပ်ရုံးကို မြောက်ကိုရီးယားက ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ပါတယ်။ ထိုနှစ်အတွင်းမှာပင် ဆက်ဆံရေးတင်းမာမှု ဆိုးရွားလာခဲ့ပြီးနောက် မြောက်ကိုရီးယားက နှစ်နိုင်ငံ ခေါင်းဆောင်တွေနဲ့ စစ်တပ်ကြား အရေးပေါ်ဆက်သွယ်ရေးဖုန်းလိုင်း အပါအဝင် အဆက်အသွယ်အားလုံးကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။

ထို့နောက် အရေးပေါ်ဆက်သွယ်ရေးဖုန်းလိုင်းကို ယခုနှစ် ဩဂုတ်လအတွင်း ပြန်ဖွင့်ခဲ့ပေမဲ့ အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ တောင်ကိုရီးယားပါဝင်ခဲ့ပြီးနောက် မြောက်ကိုရီးယားက ဖုန်းလိုင်းကို ပြန်ဖြတ်တောက်ခဲ့ပါတယ်။ တောင်နဲ့မြောက် ကိုးရီးယားနှစ်နိုင်ငံဟာ ၁၉၅၃ ခုနှစ်မှာ ကိုရီးယားစစ်ပွဲ အဆုံးသတ်ခဲ့ပေမဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် မရရှိခဲ့တာကြောင့် လက်ရှိအချိန်အထိ စစ်ပွဲကာလအတွင်းရှိနေဆဲ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က