အချိန်အကြာဆုံး အင်တာနက်ဖြတ်တောက်မှုထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ဇန်နဝါရီ ၁၅ ရက်နေ့က စပြီး အင်တာနက်အသုံးပြုမှုကို အကန့်အသတ်နဲ့ ခွင့်ပြုလာပြီလို့ ဆိုပါတယ်။
အိန္ဒိယအာဏာပိုင်တွေဟာ ကက်ရှ်မီးယားမှာ လိုင်းဆွဲအားသိပ်မကောင်းတဲ့ 2G နဲ့ broadband access ခွင့်ပြုလာတာ ဖြစ်ပြီး အခုဆို ဂျမ်မူးနဲ့ ကက်ရှ်မီးယားဒေသတွေက ဝက်ဘ်ဆိုက် ၃၀၁ ခုမှာပဲ 2G အင်တာနက် အသုံးပြုခွင့် ပြုထားတယ်လို့ The Next Web သတင်းက ဆိုပါတယ်။ လက်ရှိ ထုတ်ပြန်ထားတဲ့ အမိန့်အရတော့ အခုလို ကန့်သတ်မှုတွေဟာ ဇန်နဝါရီ ၃၁ ရက်နေ့အထိ အကျုံးဝင်မယ်လို့ ဖော်ပြထားပါတယ်။
Photo: BBC
အင်တာနက် ပြန်ဖွင့်ပေးလိုက်တဲ့ ဝက်ဘ်ဆိုက် ၃၀၁ ခုထဲမှာ ဘဏ်ဝန်ဆောင်မှုများ ၊ ခရီးသွားလက်မှတ်ဝန်ဆောင်မှု ၊ ပညာရေးဝက်ဘ်ဆိုက် ၊ သီချင်းနဲ့ ရုပ်သံ streaming ဝန်ဆောင်မှုများနဲ့ သတင်းဝက်ဘ်ဆိုက်တစ်ချို့လည်း ပါဝင်နေပါတယ်။ နာမည်ကျော် လူမှုကွန်ရက်မီဒီယာဆိုက်တွေ ဖြစ်တဲ့ Facebook ၊ Twitter တို့ကတော့ အပိတ်ခံထားရဆဲ ဖြစ်ပါတယ်။
အိန္ဒိယအစိုးရဟာ ဂျမ်မူးနဲ့ ကက်ရှ်မီးယား ပြည်နယ်တွေအတွက် အထူးဒေသအဖြစ် သတ်မှတ်ပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပိုဒ် ၃၇၀ ကို ဖျက်သိမ်းပြီးနောက် တည်ဆဲဥပဒေနဲ့ အမိန့်အာဏာ တည်မြဲရေးအတွက် ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ အင်တာနက် ဖြတ်တောက်မှု လုပ်ဆောင်ခဲ့တာပါ။ ပဋိပက္ခများ မကြာခဏ ဖြစ်လေ့ရှိတဲ့ ကက်ရှ်မီးယားနယ်ဟာ အင်တာနက် ခဏခဏ ပိတ်ခံရတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။
၂၀၁၇ ဧပြီလကုန်ပိုင်းကလည်း ကက်ရှ်မီးယားပြည်နယ် အာဏာပိုင်များဟာ ဆူပူအကြမ်းဖက်မှုကို လှုံ့ဆော်စေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ Facebook ၊ Twitter နဲ့WhatsApp အပါအဝင် လူမှုကွန်ယက်မီဒီယာပေါင်း ၂၂ ခုကို တစ်လကြာ ပိတ်ပင်ခဲ့ပါတယ်။ လန်ဒန်အခြေစိုက် VPN ဝန်ဆောင်မှုစောင့်ကြည့်ရေးဝက်ဘ်ဆိုက် Top10VPN.com ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံပေါင်း ၂၁ နိုင်ငံမှာ အင်တာနက်ပြတ်တောက်/ဖြတ်တောက်မှုပေါင်း ၁၂၂ ကြိမ် ကြုံတွေ့ခဲ့ပြီး ကမ္ဘာနဲ့အဝှမ်းမှာ ဒေါ်လာ ၈ ဘီလျံအထိ ဆုံးရှုံးမှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
Photo: Quartz
ကမ္ဘာပေါ်မှာ အချိန်အကြာဆုံး အင်တာနက် ဖြတ်တောက်မှုကတော့ ရခိုင်နဲ့ ချင်းပြည်နယ်ရှိ မြို့နယ် ၉ ခုမှာ ကြုံတွေ့နေရပြီး ၂၀၁၉ ဇွန်လ ၂၁ ရက်နေ့ကစတင်ပြီး ယခုအချိန်အထိ ၇ လကြာ ဖြတ်တောက်ခံထားရတာပါ။