မနေ့ညက အဲဗာတန်နဲ့ပွဲမှာ ပေးလိုက်ရတဲ့ဂိုးအတွက် ရော်နယ်ဒိုက အခုလိုမျိုးညွှန်ကြားနေရတာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက အဲဗာတန်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲရဲ့ ပွဲချိန်အတွင်းမှာပဲ အသင်းဖော်တွေကို ပြစ်ဒဏ်ဘောကျူးလွန်တာနဲ့ပတ်သက်လို့ ညွှန်ကြားမှုတစ်ချို့ ပြုလုပ်ခဲ့ရတယ်လို့ ရီယိုဖာဒီနန်က ပြန်လည်ပြောပြခဲ့ပါတယ်။

ဒီပွဲမှာ ရော်နယ်ဒိုက ပွဲထွက်ကစားသမားစာရင်းမှာ မပါဝင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ကာဗာနီအစား လူစားဝင်ကစားခဲ့တာပါ။ ပထမပိုင်းမှာ မာစီရယ်လ်ရဲ့သွင်းဂိုးနဲ့ဦးဆောင်ထားတဲ့ ယူနိုက်တက်တို့ ဒုတိယပိုင်းမှာတော့ မထင်မှတ်ထားတဲ့ တန်ပြန်တိုက်စစ်ကတစ်ဆင့် ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။

အဲဗာတန်ကစားသမား ဂရေးရဲ့ တန်ပြန်တိုက်စစ်စတင်မှုကို ယူနိုက်တက် ကွင်းလယ်လူ ဖရက်ဒ်အပြင် နောက်ခံလူတွေ တားဆီးတဲ့နေရာမှာ အားနည်းခဲ့ပြီး ဂရေးကတစ်ဆင့် ဒူကူရီ၊ ဒူကူရီကတစ်ဆင့် တောင်းဆန့်က ချေပဂိုးသွင်းယူသွားခဲ့တာပါ။ ဒီဂိုးမှာ လုခ်ရှောရဲ့နေရာယူပုံကလည်း အားနည်းချက်တွေရှိခဲ့ပါတယ်။

အထူးသဖြင့် ကွင်းလယ်မှာတည်းက တန်ပြန်တိုက်စစ်စတင်လာမှုကို ထိထိရောက်ရောက် မတားဆီးနိုင်ခဲ့တာက အဓိကအချက်ဖြစ်ခဲ့ပြီး ဒီအပေါ်မှာ ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်က “အဲ့ဒီအချိန်မှာ ရော်နယ်ဒိုက ပြိုင်ဘက်ကို စောစောစီးစီး ဖြိုလှဲလိုက်ဖို့ အသင်းသားတွေကို မှာနေခဲ့ပါတယ်”

“ကလပ်အသင်းတွေက ဒီလိုအနေအထားမျိုးနဲ့ ကောင်တာပေါက်လာတဲ့အချိန်မှာ ပြစ်ဒဏ်ဘောတွေ ကျူးလွန်ပြီး ဂိုးပေးရတာကို ကာကွယ်ရမှာပဲလေ။ ခင်ဗျားတို့လည်း ရော်နယ်ဒိုကို မြင်မှာပါ။ အသင်းဖော်တွေကို သူက ပြိုင်ဘက်ကိုလှဲချလိုက်၊ ပြစ်ဒဏ်ဘောလုပ်လိုက်ဆိုပြီး ညွှန်ကြားနေခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။

ရုပ်သံမှတ်တမ်းတွေအရလည်း ဂိုးပေးလိုက်ရပြီးချိန်မှာ ရော်နယ်ဒိုက သူ့အသင်းဖော်တွေကို နည်းစနစ်ပိုင်းအရ လိုအပ်တဲ့ ပြစ်ဒဏ်ဘောကျူးလွန်ဖို့ လက်ဟန်ခြေဟန်နဲ့ အော်ဟစ်ညွှန်ကြားနေခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ ယူနိုက်တက်ဟာ ဒီသရေပွဲကြောင့် အဆင့် (၃) နေရာမှာ ရပ်တည်နေခဲ့ပြီး ပရီးမီးယားလိဂ်မှာတော့ အိမ်ကွင်း (၂) ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က