အဝင်အထွက်ပိတ်ဆို့ထားတဲ့ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ လမ်းပေါ်ထွက်ပြီး Pokemon Go ကစားတဲ့ အသက် ၇၇ နှစ်အရွယ် အဖိုးအိုတစ်ဦး ဒဏ်ရိုက်ခံလိုက်ရပါတယ်။
စပိန်နိုင်ငံဟာ COVID-19 ကြောင့် မတ်လ ၂၅ ရက်နေ့မှာ သေဆုံးသူဦးရေ ၃၄၃၄ ဦးရှိခဲ့ပြီး တရုတ်နိုင်ငံရဲ့ သေဆုံးမှုထက် ကျော်လွန်ခဲ့ပါတယ်။ စပိန်အာဏာပိုင်တွေဟာ မတ်လ ၁၄ ရက်နေ့က စပြီး တစ်နိုင်ငံလုံးကို နှစ်ပတ်ကြာ Lockdown လုပ်ထားတာပါ။
Photo: metro
နိုင်ငံအတွင်း ပိတ်ဆို့မှု လုပ်ထားနေချိန်အတွင်း တနင်္ဂနွေနေ့လည်ခင်းမှာ အသက် ၇၇ နှစ်အရွယ် အဖိုးအိုတစ်ဦးဟာ အပြင်ထွက်လည်ခဲ့တာကြောင့် မက်ဒရစ်ရဲတွေဟာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။ TeleMadrid သတင်းအရ ဒီအဖိုးအိုဟာ Pokemon ဖမ်းရင်း ထွက်လာခဲ့တာလို့ ဆိုပါတယ်။
မက်ဒရစ်မြို့မှာ တနင်္ဂနွေတစ်ရက်တည်းနဲ့ အပြင်ထွက် လျှောက်သွားခြင်းကြောင့် ဒဏ်ရိုက်ခံရသူ၆၆၄ ဦး ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က အီတလီနိုင်ငံမှာလည်း အိမ်တွင်းနေဖို့ ညွှန်ကြားထားချိန်မှာ လမ်းပေါ်ထွက်ပြီး Pokemon ဖမ်းတဲ့ အသက် ၃၁ နှစ်အရွယ်အမျိုးသားတစ်ဦးလည်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။
စပိန်နိုင်ငံမှာ လမ်းပေါ်ထွက်ပြီး Pokemon ဖမ်းတာမျိုးကို တင်းတင်းကြပ်ကြပ် တားမြစ်ထားတာပါ။ Pokemon Go ဂိမ်းရေးဆွဲတဲ့ Niantic ကုမ္ပဏီကလည်း COVID-19 ကပ်ရောဂါဘေးအတွင်း ကစားသူများကို အိမ်တွင်းမှာ နေရင်းကစားဖို့ တိုက်တွန်းထားသလို အိမ်တွင်းမှာ နေပြီးကစားသူတွေကို ဘောနပ်စ်တွေလည်း ပေးနေပါတယ်။
စပိန်နိုင်ငံဟာ အီတလီပြီးရင် COVID-19 ကြောင့် ဒုတိယမြောက် လူသေမှုအများဆုံး နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။ မတ်လ ၂၆ ရက်နေ့အထိ Worldometers ရဲ့ အချက်အလက်တွေအရ တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ ၄၈၇၄၃၄ ဦး ရှိပြီး သေဆုံးသူ ၂၂၀၂၆ ယောက်ရှိတယ်လို့လည်း သိရပါတယ်။