Lockdown ဖြေလျှော့ပေးတဲ့ နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်မှု တစ်ကျော့ပြန်ဖြစ်လာမယ့် အန္တရာယ်က ရှိနေပြန်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းနဲ့ COVID-19 ရောဂါကြောင့် သေဆုံးမှုအရေအတွက် လျော့ကျလာမှုက ကမ္ဘာတစ်ဝှမ်းမှ အစိုးရတွေကို ကူးစက်မှုထိန်းချုပ်ရေး lockdown အစီအမံများ ဖြေလျှော့ပေးပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ပေးရန် စိတ်အားထက်သန်စရာ ဖြစ်ခဲ့ပါတယ်။

(Photo: Reuters)

သို့သော် ထိုသို့ lockdown ဖြေလျှော့ပေးတဲ့ နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ တစ်ကျော့ပြန်ဖြစ်လာမယ့် အန္တရာယ်ကလည်း ရှိနေပြန်ပါတယ်။ Lokdown ပိတ်ပင်ကန့်သတ်ချက်တွေ ဖြေလျှော့ပေးခဲ့တဲ့ တောင်ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ နယူးဇီလန်နဲ့ ဂျာမနီ နိုင်ငံတွေမှာ လတ်တလော ရက်ပိုင်းအတွင်း ကူးစက်မှုအသစ်တွေ တွေ့ရှိလာခဲ့ရပါတယ်။



ကနဦး ဗိုင်းရပ်စ်ကူးစက်မှုကို တုံ့ပြန်ဆောင်ရွက်မှုအတွက် ကမ္ဘာ့နိုင်ငံတွေက ချီးကျူးမှုတွေရှိခဲ့တဲ့ တောင်ကိုရီးယားမှာ ကူးစက်မှုအသစ်ကို ထိန်းချုပ်ရန်အတွက် ဆိုးလ်မြို့တော်ရှိ ဘားဆိုင်နဲ့ နိုက်ကလပ်များ အားလုံးကို ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။ ဆိုးလ်မြို့မှာ ကျောင်းများကို ဗုဒ္ဓဟူးနေ့ (မေ ၁၃ ရက်) မှာ ပြန်ဖွင့်ရန်ဖြစ်ပေမဲ့ ပညာရေးတာဝန်ရှိသူတွေက နောက်တစ်ပတ် ရွှေ့ဆိုင်းလိုက်ကြောင်း Yonhap သတင်းက ဖော်ပြပါတယ်။

(Photo: AFP)

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (မေ ၁၀ ရက်) မှာ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက နိုင်ငံကို မိန့်ခွန်းပြောကြားခဲ့ရာ COVID-19 ကူးစက်ဖြစ်ပွားမှုဟာ ယခုအချိန်အထိ မပြီးဆုံးသေးကြောင်းနဲ့ ကူးစက်မှုအသစ် တွေ့ရှိရခြင်းက ဗိုင်းရပ်စ်ဟာ အချိန်မရွေး လျင်မြန်စွာဖြင့် အကြီးအကျယ် ကူးစက်ပျံ့နှံ့သွားနိုင်ကြောင်းကို ပြသနေတယ်လို့ ဆိုပါတယ်။

ဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာလည်း lockdown ရုပ်သိမ်းခဲ့ပြီးနောက် တစ်လအကြာမှာ ပထမဆုံးအကြိမ် ဗိုင်းရပ်စ်ကူးစက်မှုများ ပြန်တွေ့ခဲ့ရကြောင်း မေ ၁၁ ရက်နေ့မှာ သတင်းထွက်ပေါ်လာပါတယ်။ ဂျပန်နိုင်ငံမှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကူးစက်မှုတွေ လျော့ကျသွားခဲ့ပြီး နေရာဒေသအချို့မှာ အရေးပေါ်အခြေအနေကို ယခုသီတင်းပတ်မှာ ရုပ်သိမ်းနိုင်ကြောင်း အစိုးရက ပြောထားပါတယ်။

(Photo: AFP)

သို့သော် ထိုသို့ ရုပ်သိမ်းပြီးနောက် ဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်မြင့်တက်လာတဲ့ လက္ခဏာများတွေ့ရပါက အရေးပေါ်အခြေအနေ ပြန်သတ်မှတ်နိုင်တယ်လို့ ဂျပန်အစိုးရက ထုတ်ပြန်ထားပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ခရီးသည်တင်ရထား ပြေးဆွဲမှုတွေကို မေ ၁၂ ရက်နေ့မှစပြီး ဖြည်းဖြည်းချင်း ပြန်လည်စတင်သွားမယ်လို့ သိရပါတယ်။

အိန္ဒိယမှာ COVID-19 တိုက်ဖျက်ရေး lockdown လုပ်ထားမှုတွေကို လာမယ့် မေ ၁၇ ရက်နေ့မှာ ရုပ်သိမ်းသွားရန် စီစဥ်ထားပါတယ်။ သို့သော် လတ်တလော ရက်ပိုင်းအတွင်း အိန္ဒိယမှာ COVID-19 ကူးစက်မှုတွေ ပြန်မြင့်တက်လာခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(Photo: Reuters)

ထိုအတောအတွင်း ကူးစက်မှုတွေ အဆိုးဆုံးဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့နိုင်ငံတွေအနက် အပါအဝင်ဖြစ်တဲ့ နယူးဇီလန်မှာ COVID-19 လူနာအရေအတွက် ၇၀ သာရှိတော့ကြောင်း သိရပါတယ်။ နယူးဇီလန်အစိုးရက ပိတ်ပင်ကန့်သတ်မှုတွေကို နောက်တစ်ဆင့် ဖြေလျှော့ပြီး လက်လီအရောင်းဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ကြာသပတေးနေ့ (မေ ၁၄ ရက်) မှာ ပြန်ဖွင့်ခွင့်ပေးရန် စီစဥ်ထားပါတယ်။ သို့သော် COVID-19 မရှိတော့ဘူးလို့ မယူဆနိုင်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်းက သတိပေးခဲ့ပါတယ်။

ဥရောပမှာ ကူးစက်ဖြစ်ပွားမှု ဆိုးရွားခဲ့တဲ့ ဂျာမနီနိုင်ငံမှာလည်း အသားထုတ်လုပ်ရေးစက်ရုံမှာ ကူးစက်မှုတွေ့ရပြီးနောက် ခရိုင်တစ်ခုကို ပြန်လည်ပိတ်ပင်ကန့်သတ်ခဲ့ရပြီး lockdown ဖြေလျှော့မှု အခြေအနေ မသေချာမှုရှိနေခဲ့ပါတယ်။ ဂျာမနီမှာ lockdown အစီအမံတွေကို ဖြေလျှော့ပြီး ဆိုင်များပြန်ဖွင့်ရန်နဲ့ ဘွန်ဒက်စ်လီဂါ ဘောလုံးပွဲများ ပြန်ကစားရန် ခွင့်ပြုပေးထားပြီ ဖြစ်ပေမဲ့ နိုင်ငံအတွင်း ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်နေကြောင်း သိရပါတယ်။

(Photo: Reuters)

COVID-19 ကိုယ်တိုင် ကူးစက်ခံခဲ့ရတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ ၎င်းရဲ့နိုင်ငံမှာ lockdown ရုပ်သိမ်းရန် အချိန်မတန်သေးကြောင်း၊ သို့သော် အခြေအနေပေါ်မူတည်ပြီး အဆင့်လိုက် lockdown ဖြေလျှော့သွားမယ့် အစီအစဥ်တွေကို ကြေညာခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာတော့ COVID-19 ကြောင့် တနင်္ဂနွေနေ့ (မေ ၁၀ ရက်) မှာ သေဆုံးမှုဟာ ဧပြီလအစောပိုင်းမှစပြီး အနည်းဆုံးဖြစ်လာခဲ့ပါတယ်။

ပြင်သစ်မှာ ဈေးဆိုင်တွေနဲ့ ဆံပင်ညှပ်ဆိုင်တွေကို မေ ၁၁ ရက်နေ့က ပြန်ဖွင့်ခွင့်ပြုခဲ့ပါတယ်။ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အခြေအနေဆိုးခဲ့တဲ့ စပိန်နိုင်ငံမှာ နေ့စဥ် သေဆုံးသူအရေအတွက် ၂၀၀ အောက်လျော့ကျသွားခဲ့ပါတယ်။ စပိန်လူဦးရေ ထက်ဝက်ကျော်ကို မေ ၁၁ ရက်မှစပြီး လူ ၁၀ ဦးအထိ ပြန်စုရုံးခွင့်ပြုခဲ့ကြောင်း သိရပါတယ်။ စပိန်မှာ lockdown ဖြေလျှော့ရုပ်သိမ်းမှုကို အဆင့် ၄ ဆင့် သတ်မှတ်ဆောင်ရွက်နေပါတယ်။

(Photo: AFP)

ထို့အတူ ဥရောပနိုင်ငံတွေအနက် ဘယ်လ်ဂျီယံနဲ့ ဂရိမှာလည်း မေ ၁၁ ရက်နေ့မှစပြီး lockdown စီမံဆောင်ရွက်ချက်များကို ဖြေလျှော့ပေးခဲ့ပါတယ်။ ကနေဒါနိုင်ငံမှာ တနင်္ဂနွေနေ့ (မေ ၁၀ ရက်) က ထုတ်ပြန်မှုအရ COVID-19 ကြောင့် သေဆုံးသူအရေအတွက် ၂.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၄,၇၂၈ ဦး ဖြစ်လာပါတယ်။

ကနေဒါမှာ မေ ၁၀ ရက်နေ့က သေဆုံးမှုဟာ ကူးစက်မှု စတင်ဖြစ်ပွားချိန်နောက်ပိုင်း နေ့စဥ် သေဆုံးသူအရေအတွက် အနည်းဆုံး တိုးလာမှုတစ်ခုလို့လည်း ဆိုပါတယ်။ ကနေဒါ ပြည်နယ်အချို့မှာ စီးပွားရေးလုပ်ငန်းတွေကို ဖြည်းဖြည်းချင်း ပြန်ဖွင့်ပေးနေပြီ ဖြစ်ပါတယ်။ သို့သော် ဝန်ကြီးချုပ် ဂျက်စတင်ထရူဒီက ကနေဒါမှာ COVID-19 တစ်ကျော့ပြန်ဖြစ်ပွားတဲ့ ဒုတိယလှိုင်းကို သတိပြုသင့်ကြောင်း ပြောထားပါတယ်။

(Photo: Reuters)

အရှေ့အလယ်ပိုင်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ အခြေအနေ အဆိုးဆုံးဖြစ်ခဲ့တဲ့ အီရန်မှာလည်း lockdown အစီအမံများ ဖြေလျှော့ပေးနေပြီး တီဟီရန်မြို့တော်မှာ ဈေးများနဲ့ ဈေးဝယ်စင်တာများကို ပြန်ဖွင့်ခွင့်ပြုထားပါတယ်။ အီရန်ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Kianoush Jahanpou ယခုအခြေအနေဟာ ပုံမှန်ပြန်ဖြစ်ပြီလို့ မယူဆနိုင်ကြောင်း နေရာဒေသတစ်ခုမှာ COVID-19 ကြောင့် သေဆုံးမှုတွေ ပြန်မြင့်တက်လာပါက lockdown ပြန်လုပ်သွားမယ်လို့ သတိပေးခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်း နိုင်ငံအများအပြားမှာ COVID-19 ကပ်ရောဂါ ကူးစက်မှုနှုန်းတွေ နှေးကွေးလျော့ကျလာတာ တွေ့နေရပေမဲ့ စိတ်ချရတဲ့ အခြေအနေမရှိသေးဘဲ အစိုးရအသီးသီးက lockdown စီမံဆောင်ရွက်မှုဖြင့် ပိတ်ပင်ကန့်သတ်ခဲ့မှုတွေကို သတိထားပြီး ဖြေလျှော့ပေးနေကြကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၄ သန်းကျော်၊ သေဆုံးသူ ၂၈၀,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၁.၅ သန်းကျော်ရှိခဲ့ပါတယ်။

Source: AFP, Reuters


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က