ဂျာမနီနိုင်ငံမှာ COVID-19 ထိန်းချုပ်ရေး lockdown စီမံဆောင်ရွက်မှု ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ပြီးနောက် ရက်ပိုင်းမျှအကြာမှာ ကူးစက်မှုတွေ မြင့်တက်လာကြောင်း တရားဝင် အချက်အလက်တွေအရ သိရှိရပါတယ်။
(Photo: Getty Images)
Robert Koch Institute (RKI) က ဖော်ပြထားတဲ့ ကိန်းဂဏန်းများအရ COVID-19 ကူးစက်ခံထားရသူ တစ်ဦးကနေ နောက်ထပ် ပြန်လည်ကူးစက်မှုနှုန်းဟာ ယခုအခါ ၁.၁ ကို ရောက်ရှိလာတယ်လို့ ဆိုပါတယ်။ အနီးကပ် စောင့်ကြည့်ခဲ့မှုအရ ဂျာမနီမှာ lockdown အစီအမံများ စတင်ဖြေလျှော့ပေးခဲ့ပြီး မကြာမီမှာပင် ကူးစက်မှုနှုန်းဟာ ၁.၀ ဝန်းကျင်ဖြစ်လာခဲ့ကြောင်း ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်မှာ RKI က ပြောထားခဲ့ပါတယ်။
ယခုအခါမှာတော့ ကူးစက်မှုနှုန်းဟာ ၁.၁ ကို ရောက်ရှိလာခဲ့ရာ ဂျာမနီမှာ ကူးစက်မှုနှုန်း ဆက်လက် မြင့်တက်နေတာ တွေ့ရပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့ ရောဂါပိုးမွှားဗေဒပညာရှင်တွေက ကူးစက်မှုနှုန်းကို ၁.၀ အောက်ဖြစ်စေရန် အရေးတကြီး အားထုတ်လုပ်ဆောင်ခဲ့ကြပါတယ်။
(Photo: Reuters)
ဂျာမနီမှာ ယမန်နေ့ (မေ ၉ ရက်) က lockdown ပိတ်ပင်ကန့်သတ်မှုများ အပြည့်အဝ ရုပ်သိမ်းပေးရန် ထောင်နဲ့ချီ ဆန္ဒပြသူတွေက စုရုံးဆန္ဒပြခဲ့ကြပါတယ်။ ဂျာမန်အဓိပတိ အန်ဂျလာမာကယ်လ်က ပြည်နယ် ၁၆ ခုမှ ဝန်ကြီးချုပ်များနဲ့ ဗီဒီယိုဆက်သွယ်မှုဖြင့် အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် မေ ၆ ရက်နေ့က တစ်နိုင်ငံလုံးမှာ ထုတ်ပြန်ထားတဲ့ lockdown ပိတ်ပင်ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးမှု အစီအစဥ် ကြေညာခဲ့ပါတယ်။
Lockown ဖြေလျှော့ပေးမှုအရ ဂျာမနီမှာ ဆိုင်များအားလုံးပြန်ဖွင့်ပြီး ဂျာမန်ဘွန်ဒက်စ်လီဂါ ဘောလုံးပွဲစဥ်တွေ ပြန်ကစားခွင့်ပြုထားပါတယ်။ ထို့အတူ စာသင်ကျောင်းတွေကိုလည်း တစ်ဆင့်ချင်း ပြန်ဖွင့်ခွင့်ပြုပြီး ကလေးငယ်တွေကို နေ့စဥ်မဟုတ်ဘဲ အလှည့်ကျ ကျောင်းတက်ရတဲ့စနစ် ကျင့်သုံးစေမယ်လို့ ဆိုပါတယ်။
(Photo: Reuters)
ယနေ့ (မေ ၁၀ ရက်) ညပိုင်းအထိ စာရင်းတွေအရ ဂျာမနီမှာ COVID-19 ကူးစက်ခံရသူ ၁၇၁,၃၂၄ ဦး၊ သေဆုံးသူ ၇,၅၄၉ ဦးနဲ့ ပြန်လည်သက်သာသူ ၁၄၄,၄၀၀ ဦးရှိခဲ့ကြောင်း သိရပါတယ်။ ထိုအတောအတွင်း COVID-19 ကူးစက်မှုကို ထိန်းချုပ်ထားနိုင်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံမှာ ကူးစက်ခံရသူ နောက်ထပ် ၃၄ ဦး ယနေ့ စစ်ဆေးတွေ့ရှိခဲ့ရပြီး တစ်လအတွင်း နေ့စဥ်တွေ့ရှိမှု အများဆုံး ဖြစ်လာခဲ့ပါတယ်။
ဗိုင်းရပ်စ် စစ်ဆေးမှု ကျယ်ကျယ်ပြန့်ပြန့်လုပ်ခြင်း၊ ကူးစက်ခံရသူနဲ့ ထိတွေ့မှုရှိသူတွေကို အပြင်းအထန် ခြေရာခံရှာဖွေခြင်းတို့ဖြင့် တောင်ကိုရီးယားမှာ ကူးစက်ခံရသူ အသစ်တွေ့ရှိရမှု ပြန်လည်မြင့်တက်လာမှုကြောင့် ဆိုးလ်မြို့ရှိ နိုက်ကလပ်နဲ့ ဘားဆိုင်များကို ပိတ်လိုက်ပြီး COVID-19 ဒုတိယလှိုင်းဖြစ်နိုင်ခြေကို AFP သတင်းမှာ ဖော်ပြပါတယ်။
(Photo: Reuters)
ထို့အတူ COVID-19 ကူးစက်မှု စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာလည်း မေ ၉ ရက်နေ့က ကူးစက်ခံရသူ နောက်ထပ် ၁၄ ဦး စစ်ဆေးတွေ့ရှိလာရပြီး ဧပြီ ၂၈ ရက်နောက်ပိုင်း နေ့စဥ် အသစ်တွေ့ရှိရမှု အများဆုံးဖြစ်လာကြောင်း သိရပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ကူးစက်ခံရသူ လက်ရှိအချိန်အထ ကမ္ဘာတစ်ဝှမ်းမှာ ၄ သန်းကျော်လွန်လာခဲ့ပြီး သေဆုံးသူအရေအတွက် ၃ သိန်းနီးပါးရှိလာခဲ့ပါတယ်။