ရီးရဲလ်ဆိုဆီဒက် ကစားသမား တာကီကူဘိုဟာ ဆော်ဒီကလပ် အယ်လ်ဟီလယ်ရဲ့ တနှစ်ကို လုပ်ခလစာ ယူရိုသန်း ၁၆၀ နဲ့ ကမ်းလှမ်းမှုကို ငြင်းဆိုလိုက်ပါတယ်။ ဂျပန်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဆိုဆီဒက်အတွက် ခြေစွမ်းပြခဲ့ပြီး အသင်းကို ဥရောပဝင်ခွင့်ရအောင် ကူညီနိုင်ခဲ့ပြီး အသင်းရဲ့ အဓိကကစားသမားတဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ရီးရဲလ်မှာ ပုံမှန်ကစားခွင့်မရခဲ့လို့ အငှားလှည့်ကစားခဲ့ရတဲ့ ကူဘိုကို ဆိုဆီဒက်က အပြီးသတ်ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ တကယ်လို့သာ သူက လက်ခံခဲ့မယ်ဆိုရင် သူ့ရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်က ပြောင်းရွှေ့ကြေးရဲ့ ၅၀% အထိကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။ ကူဘိုအတွက် အယ်လ်ဟီလယ်က ယူရိုသန်း ၆၀ အထိ ပေးချေခဲ့လို့ ရီးရဲလ်က ယူရိုသန်း ၃၀ အထိ ပိုင်ဆိုင်နိုင်ဖို့ ရှိခဲ့တာပါ။
ဒါပေမယ့် အခုတော့ ကစားသမားက ပယ်ချခဲ့လို့ အပြောင်းအရွှေ့က ဖြစ်မလာတော့ပါဘူး။ ကူဘိုဟာ စပိန်မှာ အခုမှ ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်လို့ စွန့်ခွာဖို့ရာ စိတ်ကူးမရှိဘဲ ဆက်လက်ကစားဖို့ကိုသာ ဦးစားပေးခဲ့တယ်လို့ ယူဆရပါတယ်။ သူ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ဒါဟာ လုပ်ခလစာအများဆုံးရတဲ့ ဂျပန်ကစားသမားအဖြစ် မှတ်တမ်းဝင်မယ့် အခွင့်အရေးလည်းရရှိမှာ ဖြစ်ပေမယ့် ကူဘိုကတော့ ငြင်းဆန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ကူဘိုက ဆိုဆီဒက်အတွက် ပြိုင်ပွဲစုံ ၉ ဂိုးသွင်းကာ ၉ ကြိမ်ဖန်တီးပေးခဲ့တာပါ။ ဒါဟာ လာလီဂါကစားသမားဘ၀မှာ အကောင်းဆုံးပုံစံကို သူ ပြသနိုင်ခဲ့တာြဖစ်ပြီး အသင်းဟောင်းရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာလည်း ဂိုးပြန်သွင်းနိုင်ခဲ့ပါသေးတယ်။