အဆိုတော် မိဖူးက လုံခြုံရေးဝန်ထမ်းဘဝနဲ့ မိသားစုကိုရှာကျွေးနေတဲ့အဖေ ဖြစ်သူကိုအလုပ်မလုပ်စေချင်တော့ပဲ ပြည့်ပြည့်စုံစုံ ထားချင်တဲ့အကြောင်းကို မျက်ရည်တွေနဲ့ဝမ်းနည်းစွာရင်ဖွင့်ပြောပြခဲ့ပါတယ်။
Photo-,Mi Phoo FB
"အဖေ့ရဲ့အလုပ်က Security အလုပ်လုပ်ပါတယ်။ အဖေ့ကိုအလုပ်မလုပ်စေချင်တော့ဘူး။ ဘယ်လောက်တောင်လဲဆိုရင် အဖေကသူ့အလုပ်ကနေ ဖုန်းဆက်လာတယ်။ သမီးအိမ်မှာ ဘာချက်ထားတယ် စားလိုက်နော် ဆိုရင်ကိုအဖေ့အသံကြားရရင်ကိုမခံစားနိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်းအသုံးမကျသေးဘူးလို့ခံစားရတယ်။ မိဘတွေကိုပြည့်ပြည့်စုံစုံထားချင်တယ်။ အိမ်ပိုင်လေးတစ်လုံး ၊ ကားတစ်စီး ဖြစ်ဖြစ် ပြည့်ပြည့်စုံစုံထားနိုင်တဲ့အချိန်ကိုရောက်ချင်နေပြီ " ဆိုပြီး အဖေဖြစ်သူရဲ့အလုပ်အကိုင်နဲ့ပတ်သက်ပြီးပြောပြလာပါတယ်။
Photo- Mi Phoo FB
အဆိုတော်မိဖူးဟာ မိသားစုမှာသမီးအကြီးဆုံးဖြစ်ပြီး မပြေလည်တဲ့ မိသားစုဝမ်းရေးအပြင် ကျန်းမာရေးမကောင်းတဲ့မိခင်ဖြစ်သူရဲ့ကျန်းမာရေးစရိတ်ကိုပါရှာဖွေပေးနေရသူဖြစ်တာကြောင့် အခုထက်ပိုကောင်းမွန်တဲ့အခြေအနေမျိုးကိုအမြန်ဆုံးရောက်ရှိချင်တဲ့အကြောင်းကိုလည်းပြောပြလာပါတယ်။
" အမေက ပထမတစ်ခေါက် ကျောက်ကပ်ခွဲရတယ်။ ဒုတိယတစ်ခေါက် အစာအိမ် ထက်ခွဲရတယ်။ အခုနောက်ဆုံးကတော့ကျောက်ကပ်နဲ့ပတ်သက်ပြီး ထပ်ခွဲရမယ်ဆိုတော့ မိဖူးလည်း အတတ်နိုင်ဆုံးတော့ကြိုးစားရတာပေါ့နော်။အမေက ညီမလေးမွေးပြီးနောက်မှာ သားအိမ်စောင်းသွားတာမျိုးဖြစ်တဲ့အတွက် လမ်းလည်းမလျှောက်နိုင်တော့ဘူး။ မိသားစုဝန်ကိုထမ်းရတော့ စိတ်ပင်ပန်းလားဆိုရင်တော့ အဲ့လိုမဟုတ်ပဲ အားမလိုအားမရဖြစ်တာပေါ့နော်။ အိမ်ကိုပိုပြီး ထောက်ပံ့ပေးချင်တယ်။ ဒါပေမယ့်အခုက ရှိုးတွေလည်းမဆိုရ။ အနုပညာကြေးတွေလည်းသိပ်မရတဲ့အခြေအနေ ဆိုတော့ အိမ်ကိုသိပ်မထောက်ပံ့နိုင်တဲ့အခြေအနေဖြစ်နေတယ်"ဆိုပြီး မျက်ရည်တွေနဲ့အတူ ခံစားချက်တွေကိုရင်ဖွင့်လာပါတယ်။
Photo-Mi Phoo FB
ခက်ခဲပင်ပန်းလှတဲ့ လောကဓံရိုက်ချက်တွေကိုကြံ့ကြံ့ခံရင်း ဘဝကို ကြိုးစားရပ်တည်နေတဲ့ မိဖူးက ဇွဲမလျှော့ဘဲ မိဘတွေကို ပြည့်ပြည့်စုံစုံထားနိုင်ဖို့ကြိုးစားနေတဲ့အကြောင်းကိုလည်း အခုလို ပြောပြပါတယ်။
"အဖေ့ကိုမှ မဟုတ်ပါဘူး။ အဖေ့ကိုရော အမေ့ကိုရောဘာမှ မလုပ်ပေးနိုင်ရင်တောင်မှ ကိုယ်ပိုင်အိမ်လေးနဲ့ကားတစ်စီးဝယ်ပေးချင်တယ်။ အခုတော့ကြိုးစားနေတယ်။ အခွင့်အရေးကကံတရားနဲ့လည်းဆိုင်တယ်။ အခွင့်အရေးရနိုင်အောင်လည်းကြိုးစားေနပါတယ်။ မချမ်းသာရင်တောင်မှ အိမ်လေးတစ်လုံးကားလေးတစ်စီးလေးဝယ်ပြီး ထားနိုင်အောင်ကြိုးစားနေပါတယ်"ဆိုပြီးမိဖူးက ရည်ရွယ်ချက်တွေဖြစ်မြောက်ဖို့ကြိုးစားနေတဲ့အကြောင်းကိုပြောပြလာပါတယ်။
Photo-Mi Phoo FB
အဆိုတော်မိဖူးကတော့ "ကြွေ "ဆိုတဲ့သီချင်းလေးနဲ့ ပရိသတ်အသိအမှတ်ပြုမှုကိုရရှိလာခဲ့သူဖြစ်ပြီး "ကြွေ"သီချင်းနဲ့လည်း City၂၀၂၀ခု နှစ်က City FM ကချီးမြှင့်တဲ့ တက်သစ်စဆုကို ရရှိခဲ့သူလည်းဖြစ်ပါတယ် ။
Photo-Mi Phoo Fb
လတ်တလောမှာလည်း အဆိုတော်ကြီး လွှမ်းမိုးရဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်တဲ့" အခုတော့ပါးစပ်ရာဇဝင်လေးတစ်ခု ဖြစ်လို့ကျန်ခဲ့ပြီ" သီချင်းလေးကို Cover ပြန်ဆိုထားတာကလည်း ပရိသတ်တွေ တခဲနက် အားပေးခြင်းကိုရရှိထားပြီး နောက်ထပ်လည်းဦးလွှမ်းမိုးရဲ့သီချင်းတစ်ပုဒ် ကိုပြန်ဆိုတေးအဖြစ်ဆိုဖို့ရည်ရွယ်ထားတဲ့အကြောင်းကိုပြောပြလာပါတယ်။