မနေ့ညက ကစားခဲ့တဲ့ တူရကီနဲ့ ပေါ်တူဂီတို့ရဲ့ပွဲစဉ်မှာ ပေါ်တူဂီက သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ပေါ်တူဂီအတွက် ဂိုးတွေကို ဘာနာဒိုဆေးလ်ဗား၊ Own Goal နဲ့ ဘရူနိုဖာနန်ဒက်စ်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် ပေါ်တူဂီတို့ ယူရိုမှာ အုပ်စု (၂) ပွဲကစား၊ (၂) ပွဲနိုင်၊ ရမှတ် (၆) မှတ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါပြီ။ ဒီပွဲရဲ့ ပွဲချိန်အတွင်းမှာ ပရိသတ်တွေက ရော်နယ်ဒိုနဲ့ အနီးကပ်မြင်တွေ့ခွင့်ရဖို့၊ ရော်နယ်ဒိုနဲ့ ဆဲလ်ဖီဆွဲခွင့်ရဖို့အတွက် ကွင်းအတွင်း မကြာခဏ ကျူးကျော် ဝင်ရောက်ခဲ့ကြပါတယ်။
ကွင်းလုံခြုံရေးတွေ တော်တော်လေးအလုပ်များခဲ့တဲ့ပွဲတစ်ပွဲဖြစ်ပြီး ပွဲအပြီးမှာလည်း ကွင်းအတွင်း ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ ပရိသတ်တွေကြောင့် အခက်တွေ့ခဲ့ရပါသေးတယ်။ ရော်နယ်ဒိုအပါအဝင် ပေါ်တူဂီ ကစားသမားတွေ ကွင်းအတွင်းက ထွက်ခွာလာချိန်မှာ လုံခြုံရေးတွေက အဓိက စောင့်ကြပ်ခဲ့ရပြီး ကွင်းအတွင်း ကျူးကျော်လာတဲ့ ပရိသတ်တွေကို တားဆီးခဲ့ရပါတယ်။
ဒီနေရာမှာ လုံခြုံရေးဝန်ထမ်းတစ်ယောက်က ပရိသတ်ကို တားဆီးဖို့ ပြေးအသွားမှာ ဂွန်ကာလို ရာမို့စ်ကို ဆလိုက်ထိုးဖျက်ထုတ်မိသလို ဖြစ်သွားခဲ့ပါတယ်။ ရာမို့စ်တစ်ယောက် ပစ်လဲသွားခဲ့ပြီး အနည်းငယ် နာကျင်သွားခဲ့ဟန်လည်း ရှိပါတယ်။
ဒါပေမယ့်လည်း သူက ချက်ချင်းပြန်ထနိုင်ခဲ့ပြီး ဒဏ်ရာကြီးကြီးမားမား ရခဲ့တာမျိုးတော့ မရှိပါဘူး။ ပေါ်တူဂီကတော့ အုပ်စုနောက်ဆုံးပွဲအဖြစ် ဂျော်ဂျီယာနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး သူတို့အတွက် ရလဒ်ပိုင်းအရ အရေးမကြီးတော့ဘူးလို့ ပြောရမှာပါ။