မနေ့က ဘာမင်ဂမ်နည်းပြအဖြစ်ကနေ ထုတ်ပယ်ခံလိုက်ရတဲ့နောက် သူ့အတွက် လုံလောက်တဲ့ အချိန် မရရှိခဲ့ကြောင်း အင်္ဂလန်ဂန္တဝင်ရွန်းနီက ပြောကြားခဲ့ပါတယ်။ ရွန်းနီဟာ ဘာမင်ဂမ်ကို (၁၃) ပတ်သာ ကိုင်တွယ်ခဲ့ရတာပါ။
ဒီလိုမျိုး ကိုင်တွယ်ခဲ့ရတဲ့ ကာလအတွင်း ဘာမင်ဂမ်က (၁၅) ပွဲမှာ (၉) ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး (၂) ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။ ရရှိနိုင်တဲ့ ရမှတ် (၄၅) မှတ်ထဲမှာ ဘာမင်ဂမ်တို့ (၁၀) မှတ်တည်း ရရှိခဲ့တဲ့အထိ အခြေအနေဆိုးခဲ့ပြီး ရွန်းနီလည်း အခုလို အထုတ်ခံခဲ့ရတာပါ။
တနင်္လာနေ့ညက လိဒ်စ်ကို သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဘာမင်ဂမ်အသင်းတာဝန်ရှိသူတွေက ရွန်းနီကို ထုတ်ပယ်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ရွန်းနီက “ဘာမင်ဂမ်ကို ကိုင်တွယ်ခွင့်ရဖို့အတွက် အခွင့်အရေးပေးခဲ့သူတွေနဲ့ ဒီကာလတိုအတွင်း သူတို့ပေးခဲ့တဲ့ ထောက်ခံအားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်”
“ဘောလုံးက ရလဒ်ကို အခြေခံတဲ့ စီးပွားရေးတစ်ခုဖြစ်လာခဲ့ပြီး ကျွန်တော် ရှိစေချင်တဲ့ အဆင့်အတန်းမျိုးမှာလည်း သူတို့ မရှိနိုင်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် နည်းပြတစ်ယောက်အတွက် အချိန်လိုအပ်ပါတယ်။ (၁၃) ပတ်ဆိုတဲ့ ကာလက ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုအပ်တဲ့ အချိန်ကာလတစ်ခုလို့ ကျွန်တော် မထင်ပါဘူး”
“ကျွန်တော့်အတွက် အနားယူဖို့ အချိန်အချို့ရသွားပါပြီ။ ကျွန်တော် အသက် (၁၆) နှစ်အရွယ်ကတည်းက ပရော်ဖက်ရှင်နယ်ဘောလုံးလောကမှာ ကျင်လည်ခဲ့တာပါ။ အခု မိသားစုနဲ့အတူ အချိန်ဖြုန်းပြီး နောက်ထပ်နည်းပြအခွင့်အရေးအတွက် ပြင်ဆင်သွားပါမယ်။ ဘာမင်ဂမ်နဲ့ သူတို့ရဲ့ ပိုင်ရှင်တွေကို ရည်မှန်းချက်တွေအတွက် အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးပါတယ်” လို့ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။