ဖရက်ဒ်ကတော့ အားလုံးအံ့အားသင့်အောင်ကို လုပ်ပြနေတာပါ။

နည်းပြသစ်ရန်းဂ်နစ်ခ်ရဲ့ ပထမဆုံးပွဲမှာတော့ ယူနိုက်တက်ရဲ့ ကစားသမားစာရင်းက အပြောင်းအလဲမရှိခဲ့ပါဘူး။ အာဆင်နယ်နဲ့ပွဲက အသင်းလူစာရင်းကိုပဲ အဓိကထားပွဲထုတ်ခဲ့ပြီး ပဲလေ့စ်ကတော့ သူတို့ရဲ့အကောင်းဆုံးကစားသမားတွေကို အသုံးပြုခဲ့ပါတယ်။ ယူနိုက်တက်ကတော့ အရင်ပွဲတွေနဲ့မတူဘဲ ပြိုင်ဘက်ဆီက ဘောလုံးကို အသည်းအသန်လိုက်လုခဲ့သလို ဘောလုံးရချိန်တိုင်းမှာလည်း တိုက်စစ်ကို အလျင်မြန်ဆုံးစတင်ခဲ့ပါတယ်။ 



ဒါပေမယ့် ကစားကွက်ပိုင်းအရ ယူနိုက်တက်က အချိတ်အဆက်အားနည်းနေခဲ့လို့ တိုက်စစ်ပိုင်းမှာ ရုန်းကန်နေခဲ့ရပါတယ်။ ပဲလေ့စ်ကလည်း ဇာဟာရဲ့ အားကိုအဓိကထားပြီး ထိုးဖောက်ခဲ့ပေမယ့် ယူနိုက်တက်ခံစစ်ပိုင်းက အကောင်းဆုံးဟန့်တားနိုင်ခဲ့လို့ အရာမထင်ဖြစ်ခဲ့ရပြီး ဂိုးရဖို့အလှမ်းဝေးနေခဲ့ပါတယ်။ 

အံ့အားသင့်စရာကတော့ ဖရက်ဒ်က ယူနိုက်တက်ကွင်းလယ်မှာ ပုံမှန်ခြေစွမ်းပြနေခဲ့တာဖြစ်ပြီး ပဲလေ့စ်ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ဟန့်တားပေးနိုင်ခဲ့သလို အရေးပါတဲ့ ဦးဆောင်ဂိုးကိုလည်း ဂရင်း၀ုဒ်ရဲ့ ပေးပို့မှုကနေ ညာခြေနဲ့လှလှပပကန်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ အဝေဖန်ခံရဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဖရက်ဒ်က တော်တော်လေးခြေစွမ်းပြခဲ့တာလည်းဖြစ်ပါတယ်။ 

နည်းပြသစ်ရန်းဂ်နစ်ခ်ကတော့ လူစားလဲလှယ်ဖို့အတွက် သိပ်မတွန့်ဆုတ်ခဲ့ဘဲ လိုအပ်လာရင် ဘယ်သူ့မဆိုလဲလှယ်သွားမယ်ဆိုတာကိုပါ တခါတည်းပြသခဲ့ပါတယ်။ ဆန်ချို၊ ဖာနန်ဒက်စ်တို့ကို လူစားလဲလှယ်ခဲ့ပြီး ဂရင်း၀ုဒ်က လူစားဝင်လာပြီးနောက် အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ခြေစွမ်းအရ အားရစရာမရှိသေးပေမယ့် ယူနိက်တက်ကစားဟန်ပြောင်းလဲခဲ့ပြီး ပိုကြည့်ကောင်းနေခဲ့တာကတော့ အမှန်ပါပဲ။ 

ပဲလေ့စ်ကတော့ ချေပဂိုးသွင်းနိုင်ဖို့ကို အစွမ်းကုန်အားထုတ်ခဲ့ပေမယ့် ယူနိုက်တက်ခံစစ်ကို မကျော်နိုင်ခဲ့ပါဘူး။ အဆုံးမှာတော့ ဖရက်ဒ်ရဲ့ တလုံးတည်းသောဂိုးနဲ့ ယူနိုက်တက်တို့ နိုင်ပွဲရခဲ့ပြီး နည်းပြသစ်ရန်းဂ်နစ်ခ်ကို စစချင်းပွဲမှာပဲ နိုင်ပွဲဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ပဲလေ့စ်က ဆက်တိုက်ဖိအားပေးနေခဲ့ပေမယ့် ဒီဂီယာနဲ့ ခံစစ်ပိုင်းက အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။ 

Share

က္က