ဒီနေ့ညမှာ လက်စတာနဲ့ကစားရမယ့် ယူနိုက်တက်အသင်းလူစာရင်းမှာ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒို ပါဝင်မလာသေးဘူးလို့ သိရပါတယ်။ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ပေါ်တူဂီအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲ အဆုံးအဖြတ် ၂ ပွဲ ပါဝင်ကစားပေးခဲ့ပြီး အဆိုပါ နှစ်ပွဲစလုံးမှာ ပွဲချိန်ပြည့်ကစားခဲ့ရကာ ဒဏ်ရာရရှိမှုလည်း မရှိခဲ့ပေမယ့် ယူနိုက်တက်အသင်း ဟိုတယ်ကိုရောက်ရှိရာမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။
အသင်းတည်းခိုရာ Lowry ဟိုတယ်ကို ယူနိုက်တက်အသင်းသားတွေ ရောက်ရှိရာမှာ သူ့ကိုမတွေ့ရှိခဲ့တာဖြစ်လို့ ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ကစားသမားနဲ့ပတ်သက်ပြီး အသင်းနည်းပြရန်းဂ်နစ်ခ်က တစုံတရာပြောဆိုထားခြင်းမရှိဘဲ နောက်ကျပြီးမှသာ လာရောက်ပူးပေါင်းတာမျိုးဖြစ်နိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။
ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် ရုန်းကန်နေရတာဖြစ်ပြီး တကယ်လို့သာ ရော်နယ်ဒို မပါဝင်ဘူးဆိုရင် ကာဗာနီပါ ဒဏ်ရာရနေတဲ့ တိုက်စစ်ပိုင်းအတွက် စိုးရိမ်စရာပါပဲ။ ရန်းဂ်နစ်အတွက်လည်း လက်စတာနဲ့ပွဲမှာ တိုက်စစ်မှူးအဖြစ် ထားသုံးဖို့ ကစားသမားက ရှားပါးနေကာ ရက်ရှ်ဖို့ဒ်တဦးတည်းသာ ရှိနေပြီး အီလန်ဂါကတော့ တောင်ပံကစားသမားအဖြစ်သာ ပါဝင်နေရတာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ကလည်း ဒီရာသီမှာ ခြေစွမ်းမပြနိုင်လို့ ဝေဖန်ခံနေရသူဖြစ်ပြီး ရော်နယ်ဒိုမရှိရင် ယူနိုက်တက်တိုက်စစ်က ကြီးကြီးမားမားအားနည်းချက်အဖြစ် ရှိလာတော့မှာဖြစ်ပါတယ်။ Lowry ဟိုတယ်ကို ရောက်ရှိလာတဲ့ ယူနိုက်တက်ကစားသမားတွေထဲမှာတော့ ဒီဂီယာ၊ ဟန်ဒါဆန်၊ ဂရန့်၊ ဘစ်စ်ကာ၊ ဒါလော့၊ ဗာရန်း၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဂျုံးစ်၊ ရှော၊ တဲလက်စ်၊ တော်မီနေး၊ ဖရက်၊ မာတစ်၊ ပေါ့ဂ်ဘာ၊ ဖာနန်ဒက်စ်၊ မာတာ၊ လင်ဂတ်၊ ဆန်ချို၊ ရက်ရှ်ဖို့ဒ်နဲ့ အီလန်ဂါတို့ဖြစ်ပါတယ်။