ဒေါ်လာသန်း ဂဏန်းပေးဝယ်သွားတာပါ

နေ့ချင်းညချင်း နာမည်ကျော်လာတဲ့ အွန်လိုင်းဂိမ်း Wordle ကို The New York Times သတင်းဌာနက ဝယ်ယူလိုက်ပြီလို့ ဆိုပါတယ်။ 


စကားလုံးဆက်ဂိမ်းတစ်ခုဖြစ်တဲ့ Wordle ဂိမ်းဖန်တီးရှင်ဟာ ဂိမ်းဖြန့်ချိပြီး ၄ လခန့်အကြာမှာ The New York Times က ဂဏန်း၇ လုံးအောက် ပေးဝယ်လိုက်တာလို့ CNBC သတင်းက ဖော်ပြပါတယ်။ ဒေါ်လာသန်းချီပေး ဝယ်သွားတဲ့ Wordle ဂိမ်းကို ဘရွတ်ကလင်းအခြေစိုက် ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ ဂျို့ချ် ဝါဒဲလ်က ဖန်တီးထားတာပါ။ 




Photo: Evening Standard


The New York Times ရဲ့ ဝယ်ယူမှုနဲ့ ပတ်သက်ပြီး ဝါဒဲလ်က “ဂိမ်းက ကျွန်တော် မှန်းထားတာထက် ပေါက်သွားတာပဲဗျ။ ဒါနဲ့ပတ်သက်လို့ သိပ်မခံစားရပါဘူးပြောရင် ကျွန်တော် လိမ်ရာကျမှာပဲ။ ကျွန်တော်လည်း လူပဲလေ”လို့ ပြောပါတယ်။

Wordle ဂိမ်းက ကြီးလာတာနဲ့အမျှ လူတိုင်းအတွက် ပိုကြီးကျယ်တဲ့ အတွေ့အကြုံတစ်ခု ဆက်ပြီး ပေးဖို့က သူ့အတွက် အရေးကြီးတယ်လို့ ဝါဒဲလ်က ဆိုပါတယ်။ ဂိမ်းကို ရောင်းလိုက်ရတဲ့ အကြောင်းကလည်း The New York Times ရဲ့ ဂိမ်းပေါ် ချဉ်းကပ်မှုနဲ့ ကစားသူတွေပေါ် ထားတဲ့ သဘောထားက သူ့ရဲ့ တန်ဖိုးတွေနဲ့ ကိုက်ညီတဲ့ လေးစားမှုရှိတာကြောင့် ရောင်းဖြစ်တာလို့လည်း ပြောပါတယ်။ 

ဝါဒဲလ်ဟာ အစပိုင်းမှာတော့ ဒီဂိမ်းကို သူ့ပါတနာ ပါလတ်ခ် ရှားကို ကိုဗစ်ကပ်အတွင်း ကစားဖို့ဆိုပြီး ဖန်တီးရေးဆွဲခဲ့တာပါ။ ၂၀၁၃ ခုနှစ်ကလည်း အခုလို ဂိမ်းမျိုး သူရေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဂိမ်းနာမည် Wordle ကလည်း သူ့နောက်ဆုံးနာမည်နဲ့ ခပ်ဆင်ဆင် နာမည်ပေးထားတာပါ။ 

Photo: Yahoo News


Wordle ဂိမ်းကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာ စတင် ဖြန့်ချိခဲ့ပြီး နိုဝင်ဘာ ၁ ရက်နေ့အထိ ဒီဂိမ်းကို ကစားသူ လူ ၉၀ ပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း နှစ်လလောက်အကြာမှာ Wordle ဂိမ်းကို ကစားသူ ၃ သိန်းကျော်အထိ ရှိလာခဲ့ပြီး အခုဆို နှစ်သန်းကျော်အထိ ရှိလာပြီလို့လည်း News Week သတင်းက ဖော်ပြထားပါတယ်။ 

ဒီဂိမ်းဟာ တစ်ရက်မှာ စာလုံး ငါးလုံးပါ ပဟေဠိစကားလုံးတစ်ခုကို ၆ ကြိမ်အထိ ခန့်မှန်းခွင့်ပေးထားပါတယ်။ Wordle ဟာ အခမဲ့ကစားနိုင်တဲ့ ဂိမ်းအမျိုးအစားဖြစ်ပြီး New York Times လက်ထဲမှာလည်း အခမဲ့ဂိမ်းအနေနဲ့ အချိန်အတိုင်းအတာတစ်ခုအထိ ခွင့်ပြုသွားဖို့ ရှိပါတယ်။ 

Wordle ဟာ New York Times ရဲ့ စကားလုံးဝေါဟာရဂိမ်း Games Suite ထဲက ပဟေဠိဂိမ်းတစ်ခုအဖြစ် ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က