ကပ်ရောဂါကူးစက် နှေးကွေးစေရန် အမေရိကန်နယ်စပ်တွေကို ပြည်ပခရီးသွားတွေ ဝင်ရောက်ခွင့်ပိတ်ထားခဲ့ပါတယ်

အမေရိကန်နိုင်ငံက COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွား ထိန်းချုပ်တိုက်ဖျက်ရေးအတွက် လပေါင်း ၂၀ နီးပါးကြာ ပိတ်ပင်ထားခဲ့တဲ့ ၎င်းရဲ့ ကုန်းလမ်းနဲ့ လေကြောင်းလိုင်း ခရီးစဥ်တွေကို ယနေ့ (နိုဝင်ဘာ ၈ ရက်) ပြန်ဖွင့်လိုက်ပြီး ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသား ပြည်ပခရီးသွားများ ဝင်ရောက်ခွင့်ပြုပြီ ဖြစ်ပါတယ်။

(Photo: Christinne Muschi / Reuters)

ကမ္ဘာတစ်ဝန်း ခရီးသွားလာမှုတွေ ပိတ်ပင်ထားခဲ့တာကြောင့် မိသားစုများ တကွဲတပြားဖြစ်ကြသလို ခရီးသွားလုပ်ငန်းတွေ ထိခိုက်ခဲ့ကာ သံတမန်ဆက်ဆံရေး အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ သမ္မတဟောင်း ဒေါ်နယ်ထရန့်လက်ထက်မှာ အမေရိကန်က ပြည်ပခရီးသွားဝင်ရောက်မှုကို ပိတ်ပင်ခဲ့ပြီး လက်ရှိသမ္မတဂျိုးဘိုင်ဒန်လက်ထက်မှာ ရုပ်သိမ်းပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။



ထရန့်လက်ထက်က နယ်စပ်ပိတ်ပင်မှုကို အမေရိကန်မှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေရှိခဲ့ပြီး ကပ်ရောဂါကြောင့် ကသောင်းကနင်းဖြစ်မှု အခြေအနေတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ ကပ်ရောဂါ တုံပြန်ဆောင်ရွက်ရေး စည်းမျဥ်းကန့်သတ်ချက်တွေကို ဥရောပနဲ့ အမေရိကန်အိမ်နီးချင်းတွေဖြစ်တဲ့ ကနေဒါနဲ့ မက္ကစီကိုမှာ လူထုက မနှစ်သက်ခဲ့ကြပါဘူး။

ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု နှေးကွေးစေရန် အမေရိကန်နယ်စပ်တွေကို ၂၀၂၀ ခုနှစ် မတ်လနောက်ပိုင်း ဥရောပနိုင်ငံများ၊ ဗြိတိန်၊ တရုတ်၊ အိန္ဒိယနဲ့ ဘရာဇီး အပါအဝင် ကမ္ဘာ့နေရာအများအပြားမှ ပြည်ပခရီးသွားတွေ ဝင်ရောက်ခွင့်ပိတ်ထားခဲ့ပါတယ်။ ထို့အတူ အမေရိကန်နဲ့ ကုန်းမြေထိစပ်နေတဲ့ မက္ကစီကိုနဲ့ ကနေဒါမှာ ကုန်းလမ်းခရီးဖြင့် လာရောက်မှုတွေကိုလည်း ပိတ်ထားခဲ့ပါတယ်။

(Photo: AFP)

လနဲ့ချီကြာ ပိတ်ပင်ကန့်သတ်မှုတွေက သန်းပေါင်းရာနဲ့ချီတဲ့ လူတွေအတွက် COVID-19 ကပ်ရောဂါ ဂယက်ရိုက်ခတ်မှုကြောင့် ပုဂ္ဂိုလ်ရေးနဲ့ စီးပွားရေး နှစ်ခုလုံးမှာ ထိခိုက်ခံစားရမှုကို ပိုဆိုးစေခဲ့ပါတယ်။ "ဒါက အရမ်းခက်ခဲတဲ့ ကာလပါပဲ၊ ကျွန်မသားကို မြင်တွေ့ချင်တာပါပဲ" လို့ အသက် ၆၃ နှစ်အရွယ် အယ်လီဆန်ဟင်နရီက AFP သတင်းဌာနကို ပြောပါတယ်။ အဆိုပါ ဗြိတိန်အမျိုးသမီးက လပေါင်း ၂၀ ကြာ ကွဲကွာနေခဲ့တဲ့ နယူးယော့ခ်မြို့ရှိ သားဖြစ်သူနဲ့ တွေ့ဆုံရန် ယနေ့ လေကြောင်းခရီးဖြင့် သွားရောက်မှာဖြစ်ပါတယ်။

အမေရိကန်သို့ ပြည်ပခရီးသွားများ ပြန်ဝင်ခွင့်ပြုလိုက်တဲ့ စာရင်းမှာ နိုင်ငံ ၃၀ ကျော် ပါဝင်ပါတယ်။ ပြည်ပခရီးသွားတွေကို ပြန်ဝင်ခွင့်ပြုလိုက်ပေမဲ့ အမေရိကန်အာဏာပိုင်တွေက ခရီးသွားတွေရဲ့ ကာကွယ်ဆေးထိုးပြီးမှု အခြေအနေကို အနီးကပ်စောင့်ကြည့်ရန် စီစဥ်ထားပြီး ခရီးသွားတွေအနေနဲ့ COVID-19 ကင်းစင်ကြောင်း ဆေးစစ်ချက်အဖြေ ပြသရန်လိုအပ်ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၈ ရက်မှစပြီး အမေရိကန်သို့ လေကြောင်းခရီးဖြင့် လာရောက်ကြမယ့် ခရီးသည်တွေဟာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားရန် လိုအပ်ပြီး ခရီးမထွက်မီ သုံးရက်အတွင်း COVID-19 စစ်ဆေးထားရမှာ ဖြစ်ပါတယ်။ လေကြောင်းလိုင်းတွေအနေနဲ့ ထိတွေ့မှုခြေရာခံစနစ် စီစဥ်ထားရမယ်လို့ ဆိုပါတယ်။ ကုန်လမ်းခရီးအတွက် နယ်စပ်ပြန်ဖွင့်ရာမှာတော့ အမေရိကန်အာဏာပိုင်တွေက အဆင့်နှစ်ဆင့်ဖြင့် စီစဥ်ထားပါတယ်။

(Photo: Patrick T. FALLON)

နိုဝင်ဘာ ၈ ရက်မှစပြီး မဖြစ်မနေမဟုတ်တဲ့ မိသားစုအလည်အပတ် သို့မဟုတ် ခရီးသွားလုပ်ငန်းကဲ့သို့ ခရီးစဥ်တွေအတွက် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားပြီးဖြစ်ရန် လိုအပ်ပါတယ်။ မဖြစ်မနေ ခရီးစဥ်အဖြစ် အမေရိကန်ကိုလာရောက်ကြသူတွေကိုတော့ ကာကွယ်ဆေးမထိုးထားပေမဲ့ ဝင်ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

ကုန်းလမ်းခရီးအတွက် နယ်စပ်ပြန်ဖွင့်မှု ဒုတိယအဆင့်ကို လာမယ့် ဇန်နဝါရီလ အစောပိုင်းမှာ စတင်သွားမှာဖြစ်ပြီး မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ အမေရိကန်ကို ကုန်းလမ်းခရီးဖြင့် လာရောက်ကြမယ့် ခရီးသွားအားလုံးဟာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားရန် လိုအပ်မှာဖြစ်ပါတယ်။

အမေရိကန်ကို လေကြောင်းခရီးဖြင့် လာရောက်ကြမယ့်သူတွေဟာ အမေရိကန် FDA (ood and Drug Administration) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization) က တရားဝင်ခွင့်ပြုချက်ပေးထားတဲ့ ကာကွယ်ဆေးတွေအနက်မှ တစ်မျိုးမျိုးကို ထိုးထားပါက လက်ခံသွားမယ်လို့လည်း သိရပါတယ်။ လက်ရှိအချိန်အထိ အမေရိကန် FDA နဲ့ WHO က တရားဝင်ခွင့်ပြုထားတဲ့ ကာကွယ်ဆေးများမှာ AstraZeneca ၊ Johnson & Johnson ၊ Moderna ၊ Pfizer-BioNTech ၊ Covaxin ၊ Sinopharm နဲ့ Sinovac တို့ ဖြစ်ကြပါတယ်။

Share

က္က