NASA ဆီက မြေဆီလွှာ ၁၂ ဂရမ် နဲ့ စမ်းသပ်ခဲ့တာပါ

ဖလော်ရီဒါတက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ လကမ္ဘာပေါ်က မြေနဲ့ ပထမဆုံးအကြိမ် အပင်စိုက်ပျိုးနိုင်ခဲ့ပြီလို့ ဆိုပါတယ်။ 

သုတေသနပညာရှင်တွေဟာ Apollo 11 ၊ Apollo 12 နဲ့ Apollo 17 လကမ္ဘာစူးစမ်းရေးမစ်ရှင်တွေကနေ ပါလာတဲ့ မြေဆီလွှာနမူနာတွေကို သုံးပြီး အပင်စိုက်ပျိုးမှု လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလကမ္ဘာသွား မစ်ရှင်တွေကနေ ကမ္ဘာပေါ်ကို မြေဆီ နဲ့ ကျောက်ခဲ ၈၄၂ ပေါင်ကို နမနာအဖြစ် ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ဖလော်ရီဒါတက္ကသိုလ်က သုတေသနပညာရှင်တွေဟာ NASA အာကာသအဖွဲ့အစည်းဆီကနေ Lunar Regolith လို့‌ခေါ်တဲ့ အောက်ခံကျောက် မြေအလွှာကနေ မြေဆီ ၁၂ ဂရမ် ရခဲ့တာ ဖြစ်ပါတယ်။





ဒါဟာ NASA ဆီကနေ သုတေသီတွေ တောင်းဆိုတာထက် ၄ ဂရမ် ကျော် ပိုရခဲ့တာ ဖြစ်ပါတယ်။ ဖလော်ရီဒါသိပ္ပံပညာရှင်တွေ ဖြစ်တဲ့ ရော့ဘ်ဖားလ် နဲ့ အန်နာ လီဆာ ပေါလ်တို့ဟာ ဒီမြေဆီလွှာနမူနာရဖို့ ၁၁ နှစ်ကျော်အတွင်း သုံးကြိမ်အထိ လျှောက်ထားခဲ့ရတယ်လို့ ဆိုပါတယ်။ ရလာတဲ့ မြေဆီလွှာကို အပ်ချုပ်ရာမှာ ဝတ်ဆင်တဲ့ လက်စွပ်အရွယ် ပလတ်စတစ်ခွက်လေးတွေထဲ မြေဆီ ၁ ဂရမ်စီ ထည့်သွင်းပြီး အပင်တိုင်းအတွက် အာဟာရပျော်ရည်တစ်မျိုး ကျွေးပါတယ်။ 

မြေဆီနဲ့ အာဟာရရည်ထည့်ထားတဲ့ တစ်ခွက်ချင်းစီကို Thale Cress မြေကပ်ပန်းစေ့အနည်းငယ်ထည့်စိုက်တာ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာ မျိုးစေ့တွေကို အင်္ဂါဂြိုလ်ပေါ်ကမြေဆီလွှာအတိုင်း ဖန်တီးထားတဲ့ မြေ ၊ ရာသီဥတုအခြေအနေ အလွန်ပြင်းထန်တဲ့ ပတ်ဝန်းကျင်က မြေ နဲ့ လပေါ်က မြေဆီလွှာပုံစံတူ အရာဝတ္ထုတို့ အပါအဝင် မြေဆီအခြေအနေအမျိုးမျိုးမှာပါ ထိန်းချုပ်အစု Control Group အနေနဲ့ စိုက်ပျိုးခဲ့တယ်လို့ ဆိုပါတယ်။

လပေါ်က ရတဲ့ မြေဆီလွှာမှာ စိုက်ခဲ့တဲ့ မျိုးစေ့အားလုံးနီးပါးကတော့ အညှောင့်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအပင်တွေဟာ ထိန်းချုပ်အစုကနေ ပေါက်လာတဲ့ တခြားအပင်တွေနဲ့ ကွာခြားမှုတချို့ ရှိနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ လပေါ်က မြေနဲ့ စိုက်တဲ့ အပင်တွေဟာ သေးသေးလာခဲ့ပြီး တခြား ထိန်းချုပ်အစုက အပင်တွေထက် အရွယ်အစား ပြောင်းလဲမှုလည်း ပိုများတယ်လို့ ဆိုပါတယ်။ 

သုတေသီတွေဟာ သူတို့ရဲ့ လေ့လာမှုရလဒ်ကို Communications Biology ဂျာနယ်မှာ ဖော်ပြခဲ့ပြီး လပေါ်က မြေဆီနဲ့ စိုက်တဲ့ အပင်ဟာ ကမ္ဘာပေါ်မှာတင် ဖန်တီးထားတဲ့ လပေါ်ကမြေဆီလွှာထက် အပင်ဖြစ် နှေးကွေးနေတာကြောင့် လကမ္ဘာပေါ်က အာကာသဓါတ်ရောင်ခြည်နဲ့ Solar Wind ထိတွေ့မှု ကြာလေလေ မြေဆီလွှာကနေ အပင်ပေါက်ရောက်ကြီးထွားဖို့ ပိုခက်လေလေဆိုပြီး မှတ်ချက်ထုတ်ခဲ့ပါတယ်။ 




နှစ်သန်းထောင်နဲ့ချီ ကြာမြင့်ပြီ ဖြစ်တဲ့ Sea Of Tranquility မျက်နှာပြင်ကနေ Apollo 11 ယူလာခဲ့တဲ့ မြေဆီလွှာဟာ အပင်ပေါက်ရောက်ဖို့ အခက်ဆုံးပဲလို့လည်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ "ဒါက အပင်စိုက်ပျိုးနိုင်တယ်လို့ သိလာရတဲ့ အရေးကြီးခြေလှမ်းတစ်ရပ်ပါပ။ နောက်ထပ်တကယ့်ခြေလှမ်းက လမျက်နှာပြင်ပေါ်အထိ သွားပြီး အပင်စိုက်ဖို့ပါပဲ" လို့ လေ့လာမှုမှာ ပါဝင်ခဲ့ခြင်း မရှိတဲ့ ဝစ္စကွန်ဆင်- မက်ဒီဆင်တက္ကသိုလ်က အာကာသအပင်ဇီဝပညာရှင် ဆိုင်မွန် ဂီလ်ရွိုင်းက ပြောပါတယ်။ 

အရင်က လလိုမျိုး ကြမ်းတမ်းပြင်းထန်တဲ့ မျက်နှာပြင်မှာ အပင်စိုက်မရနိုင်ဘူးလို့ သုတေသနပညာရှင်တွေ ထင်မြင်ယူဆခဲ့ရာကနေ နောက်မျိုးဆက် လဆင်းသက်သူတွေအတွက် အပင်စိုက်ပေးနိုင်ဖို့ပါ မျှော်လင့်ချက်ရောင်နီသန်းလာပြီ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က