ဖခင်နဲ့အတူ ဆိုင်ကယ်စီးသွားနေစဉ် လည်ပင်းနဲ့စွန်ကြိုးငြိမိကာ ပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မိန်းကလေးငယ်တစ်ဦး လည်ပင်းကို စွန်ကြိုးပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သြဂုတ် ၂၅ ရက်နေ့ သတင်းတွေက ပြောပါတယ်။

(Photo: AFP)

စွန်ကြိုးနဲ့ငြိပြီး ပြတ်ရှဒဏ်ရာကြောင့် သေဆုံးမှုဟာ တစ်ပတ်အတွင်း ဒုတိယအကြိမ် ဖြစ်တယ်လို့လည်းသိရပါတယ်။ စနေနေ့ (သြဂုတ် ၂၄ ရက်) က ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုမှာ အသက်လေးနှစ်အရွယ် မိန်းကလေးငယ်က ဖခင်နဲ့အတူ ဆိုင်ကယ်စီးပြီး ဘုရားကျောင်းကိုသွားနေစဉ် သူမရဲ့လည်ပင်းနဲ့စွန်ကြိုးငြိမိကာ ပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့တယ်လို့ ဆရာဝန်တွေကပြောကြောင်း Times of India သတင်းမှာ ဖော်ပြပါတယ်။



အိန္ဒိယမှာ စွန်လွှတ်ခြင်းဟာ ရေပန်းစားတဲ့ ကစားနည်းတစ်မျိုးဖြစ်ပေမဲ့ လတ်တလော နှစ်များအတွင်း စွန်ကြိုးပြတ်ရှမှုကြောင့် သေဆုံးဒဏ်ရာရမှု ဖြစ်ရပ်များရှိခဲ့ပါတယ်။ စွန်လွှတ်ကစားရာမှာ ပြိုင်ဘက်ရဲ့စွန်ကို ဖြတ်ချနိုင်ရန်အတွက် စွန်ကြိုးတွေကို သံမှုန် သို့မဟုတ် ဖန်ကွဲစအမှုန်တို့ဖြင့် သုတ်လိမ်းထားပြီး ဓားသွားကဲ့သို့ထက်နေရန် ပြုလုပ်ထားလေ့ရှိပါတယ်။

(Photo: AFP)

အိန္ဒိယလွတ်လပ်ရေးနေ့ဖြစ်တဲ့ သြဂုတ် ၁၅ ရက်ဝန်းကျင်မှာ စွန်ကြိုးပြတ်ရှမှုကြောင့် သေဆုံးဒဏ်ရာရမှုတွေ ပိုမိုမြင့်တက် ဖြစ်ပွားလေ့ရှိကြောင်းနဲ့ ထိုနေ့မှာ လူအများအပြားက အိန္ဒိယနိုင်ငံတော်အလံရဲ့ အရောင်များဖြင့်ခြယ်သထားတဲ့ စွန်များအပါအဝင် စွန်များလွှတ်ကစားလေ့ရှိကြပါတယ်။

နယူးဒေလီမှာပင် လွတ်လပ်ရေးနေ့က ဆိုင်ကယ်စီးသွားနေတဲ့ အသက် ၂၈ နှစ်အရွယ် အင်ဂျင်နီယာ အမျိုးသားတစ်ဦးဟာလည်း လည်ပင်းကို စွန်ကြိုးပြတ်ရှမှုကြောင့် သေဆုံးခဲ့ကြောင်း အိန္ဒိယမီဒီယာတွေက ပြောပါတယ်။ ဒါ့အပြင် နယူးဒေလီမှာ အသက်သုံးနှစ်အရွယ် ယောက်ျားလေးတစ်ဦးဟာ သံမှုန်သုတ်လိမ်းထားပြီး အစိုဓာတ်ရှိနေတဲ့ ၎င်းရဲ့စွန်ကြိုးနဲ့ ဓာတ်ကြိုးထိမိရာမှာ ဓာတ်လိုက်သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

ပြီးခဲ့တဲ့လအတွင်းကလည်း နယူးဒေလီတောင်ပိုင်းမှာ ဦးလေးနဲ့အတူ ဆိုင်ကယ်စီးသွားနေစဉ် ဦးလေးဖြစ်သူရဲ့လည်ပင်းကို စွန်ကြိုးငြိမိရာမှ အသက်သုံးနှစ်အရွယ် မိန်းကလေးတစ်ဦး မိုးပျံလမ်းပေါ်မှ အောက်ဘက်ကိုပြုတ်ကျကာ သေဆုံးခဲ့ကြောင်း News18 ရုပ်မြင်သံကြားသတင်းဌာနက ပြောပါတယ်။

(Photo: EPA)

အာဏာပိုင်တွေနဲ့ တိရိစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အဆိုအရ အိန္ဒိယမှာ စွန်ကြိုးတွေကြောင့် ငှက်တွေလည်း ဒဏ်ရာရမှုနဲ့ သေဆုံးမှုတွေရှိကြောင်း သိရပါတယ်။ စွန်ကြိုးကြောင့် သေဆုံးဒဏ်ရာရမှုတွေ မြင့်တက်မှုဖြစ်ခဲ့ပြီးနောက် လွန်ခဲ့တဲ့ သုံးနှစ်မှာ ဒေလီအစိုးရက ဓားသွားကဲ့သို့ထက်နေတဲ့ စွန်ကြိုးများ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းနဲ့ သိမ်းဆည်းထားခြင်းတို့ကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

တားမြစ်ပိတ်ပင်မှုကို မလိုက်နာသူအား ထောင်ဒဏ်ငါးနှစ်နဲ့ ရူပီးငွေတစ်သိန်း (အမေရိကန်ဒေါ်လာ ၁,၄၀၀) ဒဏ်ငွေချမှတ်မယ်လို့ အစိုးရက ပြောခဲ့ပါတယ်။ သို့သော် နယူးဒေလီဝန်းကျင်နဲ့ အနီးအနားရှိ နေရာဒေသတွေမှာတော့ တားမြစ်ပိတ်ပင်ထားပေမဲ့ ထိုကဲ့သို့ စွန်ကြိုးတွေကို ဆက်လက် ရောင်းချနေကြဆဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က