ဒီတပတ်တည်းမှာပဲ လီဝန်ဒေါစကီးရဲ့ ဘာစီလိုနာကိုပြောင်းရွှေ့ရေးဟာ ပြီးပြည့်စုံတော့မှာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်က ဘာစီလိုနာရဲ့ ယူရိုသန်း ၅၀ နဲ့ တိုးမြှင့်ကမ်းလှမ်းလာမှုအပေါ်မှာ သဘောတူလက်ခံခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့က ပြီးမြောက်ခဲ့ပြီလို့ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့တာဖြစ်ပါတယ်။
မနေ့က ညှိနှိုင်းမှုတွေပြုလုပ်ခဲ့အပြီးမှာ ဘိုင်ယန်က ပိုလန်တိုက်စစ်မှူးကို လက်လွှတ်ဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လီဝန်ဒေါစကီးနဲ့ ဘာစီလိုနာကြားမှာ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားတာကတော့ ကြာမြင့်ခဲ့ပြီဖြစ်ကာ ဘိုင်ယန်မြူးနစ်ဘက်က ရောင်းချဖို့အတွက်ကို တုံ့ဆိုင်းနေခဲ့လို့ ဒီအပြောင်းအရွှေ့က ကြန့်ကြာနေခဲ့ရတာလည်းဖြစ်ပြီး နောက်ဆုံးမှာ အပြီးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
၃ နှစ်စာချုပ်ချုပ်သွားမယ်လို့သိရပြီး ဘာစီလိုနာအတွက်တော့ ရာဖင်ဟာကို ယူရို ၅၈ သန်းနဲ့ ခေါ်ယူအပြီး လီဝန်ဒေါစကီးကို ထပ်မံခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဖရန့်ကက်ဆီ၊ ခရစ္စတီယန်ဆန်တို့ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဘာကာက ခေါ်ယူထားတာကြောင့် လီဝန်ဒေါစကီးက သူတို့အတွက် ၄ဦးမြောက် ကစားသမားသစ်ခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့်လည်း ဘာစီလိုနာဟာ ကစားသမားသစ်တွေကို မှတ်ပုံတင်စာရင်းသွင်းတာမျိုး ပြုလုပ်နိုင်ဖို့အတွက် အသင်းကစားသမားတချို့ကို ရောင်းထုတ်ဖို့တော့ လိုအပ်နေပါသေးတယ်။ လက်ရှိမှာ ဒီဂျောင်ကို မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့အတွက် ဖိအားပေးထားပြီး ဒီပိုင်းအပါအဝင် နောက်ထပ်ကစားသမားတချို့ကိုလည်း ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။