ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးကတော့ မနေ့ညက ကစားခဲ့တဲ့ အူနမ်ပူးမက်စ်နဲ့ ပွဲမှာ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ဘာစီလိုနာကလည်း ခြောက်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲဟာ ယိုဟန်ဂမ်ပါဖလားပွဲတပွဲဖြစ်ပြီး ဘာစီလိုနာက လူစုံတက်စုံနဲ့ ပွဲထွက်ခဲ့ပါတယ်။
ဘာစီလိုနာအတွက် လီဝန်ဒေါစကီး၊ ရာဖင်ဟာ၊ ဒမ်ဘီလီတို့ တိုက်စစ်မှာပွဲထွက်လာခဲ့သလို ကွင်းလယ်မှာလည်း ပီဒရီ၊ ဘတ်စ်ကွက်စ်၊ ဂါဗီတို့ ပါဝင်လာခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ကစားကွက်အသာနဲ့ ပွဲချိန်ပြည့်အသာစီး ကစားခဲ့ပြီး ပွဲကစားချိန် (၃) မိနစ်မှာတင် လီဝန်ဒေါစကီးက ပီဒရီရဲ့ ဖန်တီးပေးမှုကနေ အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။
ဒါဟာ လီဝန်ဒေါစကီးအတွက် ဘာစီလိုနာကစားသမားဘဝ ပထမဆုံးသွင်းဂိုးလည်းဖြစ်ပါတယ်။ အဲ့ဒီနောက် ပီဒရီရဲ့သွင်းဂိုးနှစ်ဂိုးအတွက် လီဝန်ဒေါစကီးကပဲ နှစ်ကြိမ်ဖန်တီးပေးခဲ့ပါတယ်။ ပီဒရီကလည်း ဒီပွဲမှာ လီဝန်ဒေါစကီးနည်းတူ ခြေစွမ်းပြခဲ့ပြီး နှစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုတကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအတွက် နောက်ထပ်ဂိုးတွေကိုတော့ ဒမ်ဘီလီ၊ လူစားဝင်ကစားသမားတွေဖြစ်ကြတဲ့ အူဘာမီးယန်း၊ ဖရန်ကီဒီဂျောင်တို့က သွင်းယူပေးခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ပွဲတွေမှာ ဘာစီလိုနာအတွက် ဂိုးပေါက်ပျောက်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အခုပွဲမှာတော့ ဂိုးသွင်းနိုင်ခဲ့တဲ့အပြင် ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ လာမယ့်ရာသီ ဘာစီလိုနာရဲ့ အဓိကတိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရသူပါ။
ဒါပေမယ့်လည်း လာလီဂါရာသီအဖွင့်ပွဲတွေ စတင်ကစားဖို့ တပတ်တောင်မလိုတော့တဲ့ အခုချိန်ထိကို ဘာစီလိုနာက လီဝန်ဒေါစကီးအပါအဝင် ကစားသမားသစ်တွေကို တရားဝင် မှတ်ပုံမတင်နိုင်သေးပါဘူး။ အဲ့ဒါကြောင့်လည်း ဘာစီလိုနာတို့ သူတို့ရဲ့ဘဏ္ဍာရေးအခြေအနေကို အမြန်ဆုံးဖြေရှင်းပေးဖို့ လိုအပ်နေပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ လီဝန်ဒေါစကီးလိုခြေစွမ်းမျိုးနဲ့ ကစားသမားကို မှတ်ပုံမတင်နိုင်၊ လစာမပေးနိုင်ဖြစ်ပြီး ကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။