လီဝန်ဒေါစကီး အခုချိန်ထိ ဘာစီလိုနာအတွက် ဂိုးမသွင်းနိုင်သေးတာပါ။

ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဒီနွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၅၀) နဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ အဆိုပါ ပိုလန်လက်ရွေးစင်တိုက်စစ်မှူးဟာ အသင်းသစ် ဘာစီလိုနာအတွက် သုံးပွဲကစားပြီးချိန်ထိ တဂိုးမှမသွင်းယူနိုင်သေးပါဘူး။



လီဝန်ဒေါစကီးဟာ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်တို့နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဒီမနက်အစောပိုင်းမှာ ကစားခဲ့တဲ့ နယူးယော့ခ်ရက်ဒ်ဘူးလ်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ဖို့ ပရိသတ်တွေက မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း လီဝန်ဒေါစကီးက ရာဖင်ဟာ၊ ဒမ်ဘီလီတို့ ဖန်တီးပေးခဲ့တဲ့ အပိုင်အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ဘဲ ဖြုန်းတီးခဲ့ပါတယ်။

လီဝန်ဒေါစကီးဟာ အပိုင်ခေါင်းတိုက်ချက် (၂) ကြိမ်လောက်ကိုလည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့သလို ဒမ်ဘီလီ လွတ်လွတ်ကျွတ်ကျွတ်ခင်းပေးတဲ့ ဘောလုံးကိုလည်း ချက်ချင်းမကန်ဘဲ အချိန်ဆွဲခဲ့ပါတယ်။ အဲ့ဒီနောက် ကန်သွင်းချိန်မှာလည်း ပြိုင်ဘက်နောက်ခံလူနဲ့ ထိထွက်သွားပြီး ဘာစီလိုနာတို့ အပိုင်အခွင့်အရေးတွေကို နစ်နာဆုံးရှုံးခဲ့ရပါတယ်။



အသက် (၃၃) နှစ်အရွယ် ဒီကစားသမားရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ ရီးရဲလ်မက်ဒရစ် ပရိသတ်တွေက ဘာစီလိုနာကို လှောင်ပြောင်နေကြပါတယ်။ ဒါ့အပြင် တွစ်တာမှာလည်း လီဝန်ဒေါစကီးရဲ့ အပိုင်အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိတဲ့ ဗီဒီယိုကလည်း ပရိသတ်တွေအကြား ရေပန်းစားနေပါတယ်။ ဘာစီလိုနာနည်းပြ ဇာဗီကတော့ လီဝန်ဒေါစကီးဘက်က ကာကွယ်ပေးခဲ့ပါတယ်။

ဇာဗီက “လီဝန်ဒေါစကီးက အခုထိ ဂိုးမရသေးတဲ့အပေါ် စိတ်ပျက်နေပါတယ်။ ဒါပေမယ့် ဒါက သာမန်ကိစ္စရပ်ပါပဲ။ ဆွာရက်ဇ် ကျနော်တို့အသင်းကို ရောက်လာတုန်းကလည်း ဒီလိုပါပဲ။ ဒါပေမယ့် နောက်တော့ သူ ဂိုးတွေသွင်းတော့တာပဲ” လို့ ကာကွယ်ပြောကြားသွားခဲ့ပါတယ်။ နယူးယော့ခ်ရက်ဒ်ဘူးလ်နဲ့ပွဲမှာတော့ ဘာစီလိုနာက ဒမ်ဘီလီ၊ ဒီပိုင်းတို့ရဲ့သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က