လီဗာပူးကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတဲ့ မာနေးကို အာဆင်နယ်ကစားသမားဟောင်းလည်းဖြစ်၊ ရုပ်သံဝေဖန်သုံးသပ်သူလည်းဖြစ်တဲ့ ပေါလ်မာဆင်က သတိပေးလိုက်ပါတယ်။ မာနေးဟာ အသင်းကနေ ထွက်ခွာဖို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် ဆုံးဖြတ်ထားတာပါ။
လက်ရှိအသင်းမှာ ဆက်နေဖို့အတွက်ဆိုရင် မာနေးက တပတ်လုပ်ခ ပေါင် (၄) သိန်းဝန်းကျင် အလိုရှိနေပြီး ဒီပမာဏဟာ လီဗာပူးအတွက် ခက်ခဲတဲ့ပမာဏပါ။ လက်ရှိလီဗာပူးမှာ တပတ်လုပ်ခ အများဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ဗန်ဒိုက်ချ်တောင် တပတ်ကို ပေါင် (၂၂၀,၀၀၀) သာရရှိနေတာဖြစ်ပါတယ်။
မာနေးအပြင် ဆာလာကလည်း လီဗာပူးကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပြီး ဆာလာကတော့ တပတ်ကို ပေါင် (၅) သိန်းတောင်းဆိုနေပါတယ်။ ဒီလိုမျိုး မာနေးရဲ့အနာဂတ်ပါ လှုပ်ခတ်နေတာနဲ့ပတ်သက်လို့ ပေါလ်မာဆင်က အခုလိုပဲ သတိပေးလိုက်ပါတယ်။ ပေါလ်မာဆင်က “မာနေးက ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတာ သေချာပါတယ်”
“ဒါပေမယ့် သူ ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကို ကျနော် စဥ်းစားလို့မရပါဘူး။ ခြံစည်းရိုးရဲ့အခြားတဖက်မှာရှိတဲ့ မြက်တွေက အမြဲတမ်းစိမ်းနေတာမဟုတ်ပါဘူး။ သူ့အနေနဲ့ ဂျာမန်မြေကိုရောက်သွားရင် လီဗာပူးမှာလိုမျိုး အောင်မြင်မှုရဖို့ အာမခံချက်မရှိပါဘူး။ စိန်ခေါ်မှုအသစ်တွေကိုလိုချင်လို့၊ အောင်မြင်မှုတွေထပ်ရချင်လို့ဆိုရင်တော့ ဒါက သူ့အတွက် ရဲရင့်တဲ့အပြောင်းအရွှေ့တခုပါ”
“ဒါပေမယ့် ကျနော်ကတော့ မာနေးတယောက် ပထမကစားသမားနေရာ သေချာနေတဲ့ လီဗာပူးကနေ ဘာကြောင့်ထွက်ချင်သလဲ ကျနော် မသိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ မာနေးဟာ လာမယ့် ဇွန် (၂၀၂၃) မှာ လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် လက်ရှိနွေရာသီမှာတင် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်ထားပါတယ်။