တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး လက်နက်ကိုင်အုပ်စုများ ဆွေးနွေးကြရန် ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။

လက်နက်ကိုင်အုပ်စုများကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ လစ်ဗျားနိုင်ငံ ထရီပိုလီမြို့အနီးရှိ အကျဉ်းထောင်တစ်ခုမှ အကျဉ်းသား ၄၀၀ ခန့် တနင်္ဂနွေနေ့ (စက်တင်ဘာ ၂ ရက်) က ထွက်ပြေးလွတ်မြောက်သွားကြောင်း တရားရေးဆိုင်ရာ အစိုးရတာဝန်ရှိသူက ပြောပါတယ်။

ထရီပိုလီမှာ တိုက်ပွဲများဖြစ်ပွားနေမှု (Photo: Reuters)



လစ်ဗျားမှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ လက်နက်ကိုင်အုပ်စုများ အင်္ဂါနေ့ (စက်တင်ဘာ ၄ ရက်) မှာ တွေ့ဆုံဆွေးနွေးကြရန်လည်း ကုလသမဂ္ဂက တိုက်တွန်းထားကြောင်း သိရပါတယ်။

ယမန်နေ့က ထရီပိုလီမြို့ရှိ Ain Zara အကျဉ်းထောင်မှာ အကျဉ်းသားတွေက ထောင်တံခါးတွေကို အင်အားသုံးဖွင့်ခဲ့ကြောင်းနဲ့ အစောင့်တွေအနေနဲ့ ၎င်းတို့ကို ဟန့်တားနိုင်စွမ်းမရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားပါတယ်။

Ain Zara အကျဉ်းထောင်တွင်း မြင်ကွင်းတစ်ခု (Photo: The Eagle)



အဆိုပါ တာဝန်ရှိသူက ၎င်းရဲ့အမည်ကို ထုတ်ဖော်ပြောကြားမှုမပြုရန် တောင်းဆိုခဲ့ပြီး နောက်ထပ် အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။ Ain Zara အကျဉ်းထောင်ဟာ ထရီပိုလီမြို့တောင်ပိုင်းမှာ တည်ရှိနေပြီး အဆိုပါ ဒေသမှာ လက်နက်ကိုင်အုပ်စုများကြား တိုက်ပွဲများပြင်းထန်နေခဲ့တာ တစ်ပတ်ကြာပြီ ဖြစ်ပါတယ်။

ထရီပိုလီမှာ တိုက်ပွဲများပြင်းထန်လာမှုကြောင့် ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုထားတဲ့ လစ်ဗျားအစိုးရက နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။

Ain Zara အကျဉ်းထောင် (Photo: Ismail Zitouny/Reuters)



Ain Zara အကျဉ်းထောင်မှ အကျဉ်းသားအများအပြားဟာ ၂၀၁၁ ခုနှစ်မှာ အစိုးရဆန့်ကျင်ရေး ဆူပူအုံကြွမှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် အသတ်ခံခဲ့ရတဲ့ လစ်ဗျားခေါင်းဆောင် မွမ်မာကဒါဖီကို ထောက်ခံသူများဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂ ရက်မှာ သီးခြားဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုမှာလည်း တိုက်ပွဲများအတွင်း လစ်ဗျားမြို့တော်ရှိ ရွှေ့ပြောင်းခိုလှုံသူ ရာပေါင်းများစွာ နေထိုင်ကြတဲ့ စခန်းတစ်ခုကို ဒုံးကျည်များထိမှန်မှုကြေငာ့် လူနှစ်ဦးသေဆုံးပြီး ကလေးငယ်နှစ်ဦး အပါအဝင် အခြား လူခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ထရီပိုလီမြို့ရှိ အရပ်သားများ နေရာတစ်ခုကို တိုက်ခိုက်မှုထိမှန်ထားစဉ် (Photo: Getty Images)



ထရီပိုလီမြို့မှာ တစ်ပတ်ကြာ ဖြစ်ပွားနေခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သားများ အပါအဝင် လူ ၄၇ ဦး သေဆုံးခဲ့ပြီး အခြား ဒါဇင်နဲ့ချီတဲ့ လူအများအပြား ဒဏ်ရာရခဲ့ကြောင်း လစ်ဗျားကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

လစ်ဗျားမှာ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရက ထရီပိုလီမြို့တော်မှသာ အာဏာချုပ်ကိုင်ထားနိုင်ရုံမျှဖြစ်ပြီး နိုင်ငံရဲ့ ကျန်ရှိနေရာဒေသ အများအပြားကို လက်နက်ကိုင်အုပ်စုတွေက ထိန်းချုပ်ထားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က