Samsung ကတော့ ကုမ္ပဏီရဲ့ flagship စီးရီး Galaxy Note မော်ဒယ်ကို အရွယ်အစားနှစ်မျိုး နဲ့မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
အရင့်အရင် နှစ်တွေက Galaxy Note ဆိုရင် တစ်မျိုးတည်း တွေ့ခဲ့ရာကနေ ဒီနှစ်မှာတော့ Galaxy Note 10 နဲ့အတူ Galaxy Note 10+ ဆိုပြီး ကြေညာသွားတာပါ။ ဒီမော်ဒယ်နှစ်မျိုးဟာ မတူညီတဲ့ အရွယ်အစားနဲ့လာတာ ဖြစ်ပေမယ့် တူညီတဲ့ အချက်တွေကိုလည်း မျှသုံးထားတာ တွေ့ရပါတယ်။ နောက်တစ်ခုက Samsung ဟာ Galaxy Note 10 ဖုန်းနှစ်မျိုးစလုံးမှာ headphone jack မထားတော့တာပါပဲ။
Photo: Engadget
မျက်နှာပြင် ၆.၈ လက်မနဲ့မိတ်ဆက်လိုက်တာက Galaxy Note 10 Plus ဖြစ်ပြီး ရိုးရိုး Galaxy Note 10 ကတော့ ၆.၃ လက်မ Dynamic AMOLED display နဲ့လာပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ သတင်းထွက်ထားတဲ့အတိုင်း punch hole ကင်မရာပေါက်စနစ် သုံးထားပါတယ်။ ရုပ်ထွက်မှာတော့ Plus မော်ဒယ်ဟာ 1440p+ ရုပ်ထွက်နဲ့လာပြီး တစ်လက်မမှာ pixel ထွက်နှုန်းက 498ppi ဖြစ်ပါတယ်။ အရွယ်အစားပိုသေးတဲ့ Galaxy Note 10 ကတော့ 401ppi 1080p+ resolutions ပါပြီး ဖုန်းနှစ်မျိုးစလုံးဟာ HDR10+ နဲ့ပုံ ရုပ်ထွက်အရည်အသွေး ကောင်းမွန်စေမယ့် Dynamic Tone Mapping စနစ် ပံ့ပိုးပေးထားပါတယ်။
ကျောဘက်မှာ ထောင်လိုက် triple lens ကင်မရာစနစ်ကို သုံးထားပြီး ပင်မကင်မရာ 12MP ဟာ OIS ( Optical Image Stabilization) နဲ့dual aperture (f/1.5 ၊ f/2.4) စနစ်ပါလာပါတယ်။ဒီကင်မရာနဲ့အတူ OIS ရုပ်ငြိမ်စနစ်ပါ 12MP tele ကင်မရာနဲ့၁၂၃ ဒီဂရီ ultra-wide ရိုက်ကူးနိုင်တဲ့ 16MP ကင်မရာ ဆိုပြီး ပါလာပါတယ်။ Galaxy Note 10 Plus မှာ ပုံတွေကို တကယ့်အပြင် မြင်ကွင်းအတိုင်း သုံးဖက်မြင် ဖန်တီးနိုင်မယ့် 3D Scanner app သုံးနိုင်ဖို့3D ToF Sensor သုံးထားပါတယ်။ ရှေ့ဘက် punch hole ကင်မရာပေါက်ထဲမှာတော့ ၈၀ ဒီဂရီ နဲ့autofocus ဖမ်းနိုင်မယ့် 10MP ဆယ်လ်ဖီကင်မရာ တပ်ဆင်ထားပါတယ်။
Samsung ကတော့ 5G ခေတ်ကို ဦးဆောင်နိုင်မယ့် စမတ်ဖုန်းတွေ မိတ်ဆက်ထားတဲ့ ကုမ္ပဏီပါ။ Galaxy Note 10 နဲ့Note 10+ တို့ဟာလည်း LTE ဗားရှင်းအပြင် 5G ဗားရှင်းဆိုပြီး နှစ်မျိုးထွက်ထားပါတယ်။ 5G ကွန်ရက်အပြည့်အဝ သုံးနိုင်ခြင်း မသုံးနိုင်ခြင်းကတော့ Carrier တွေရဲ့ ကွန်ရက် အခြေအနေပေါ် မူတည်ဦးမှာပါ။ storage အနေနဲ့256GB နဲ့512GB နှစ်မျိုးလာပြီး Galaxy Note 10 ရိုးရိုးမော်ဒယ်မှာ RAM 8GB နဲ့Galaxy Note 10 5G မှာ RAM 12 GB ပါမှာပါ။
Photo: chip
Galaxy Note 10/ Note 10 Plus နှစ်မျိုးစလုံးဟာ fast Wireless Charging နဲ့အတူ Galaxy Watch နဲ့တစ်ခြား Wireless charging ရတဲ့ ဖုန်းတွေကို ပြန်အားသွင်းပေးနိုင်မယ့် Reverse Wireless Charging အားသွင်းစနစ်တွေ ပေးထားပါတယ်။ Galaxy Note ဖုန်းတွေနဲ့အတူ ပါလာတဲ့ S Pen ဟာ အဆင့်မြှင့်တင်ထားပြီး 3D AR doodle တွေ ဖန်တီးတာ ၊ S Pen ခလုတ်နှိပ်ပြီး ကင်မရာ သုံးတာ ၊ ဖုန်းထဲက ပုံတွေကို S Pen နဲ့Scroll down ကြည့်တာ Zoom အချုံ့အချဲ့လုပ်တာတွေ ပါလာပါတယ်။
ဒီနှစ်ထွက် Galaxy Note 10 တွေမှာ မျက်စိ ဆွဲဆောင်နိုင်တဲ့ ကာလာဆန်း ၃ ရောင်ဖြစ်တဲ့ Aura Glow ၊ Aura White နဲ့Aura Black သုံးရောင်နဲ့မိတ်ဆက်ထားပြီး တစ်ချို့ဈေးကွက်တွေမှာ Galaxy Note 10 Aura Pink ဗားရှင်းနဲ့Galaxy Note 10+ Aura Blue ကာလာဆိုပြီးပါ ဝယ်နိုင်မှာပါ။ ဥရောပနဲ့အမေရိက ဈေးကွက်မှာ Galaxy Note 10 ကို ၉၄၉ ဒေါ်လာ ( မြန်မာငွေ ၁၄ သိန်းကျော်) နဲ့ရောင်းချထားပြီး Note 10 Plus 12GB/256GB မော်ဒယ်ကို ၁၀၉၉ ဒေါ်လာ ( မြန်မာငွေ ၁၆ သိန်းခွဲကျော်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။
5G ဗားရှင်း Galaxy Note 10 Plus ကတော့ Galaxy S10 5G မော်ဒယ်လိုပဲ ၁၂၉၉ ဒေါ်လာ ( မြန်မာငွေ ၁၉ သိန်းခွဲကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။