ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်မယ့် ၇၁ ကြိမ်မြောက်လွတ်လပ်ရေးနေ့မှာ ရန်ကုန်တိုင်းထဲက အိမ်တွေ ကျောင်းတွေ မှာ နိုင်ငံတော်အလံကိုလွှင့်ထူဖို့ ရန်ကုန်တိုင်းအစိုးရက တိုက်တွန်းထားပါတယ်။
Photo -Freepik
မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတို့ရဲ့အချုပ်အချာ အာဏာကို ပြန်လည်ရယူနိုင်ခဲ့တဲ့ နေဖြစ်တဲ့ အတွက် ကျောင်းတွေ၊ ဌာနတွေ၊ ဝန်ထမ်းအိမ်ယာတွေ၊ ပုဂ္ဂလိက အိမ်တွေမှာ အလံတွေလွှင့်တင်ဖို့ ဒီဇင်ဘာ ၂၄ ရက်နေ့ထုတ် မြို့တော် စည်ပင်သတင်းစာမှာ ဖော်ပြပါရှိပါတယ်။
အရင်နှစ်တွေကတော့ လွတ်လပ်ရေးနေ့တွေမှာ တိုင်းဒေသကြီးအစိုးရက ဦးစီးပြီး ပျော်ပွဲရွင်ပဲ အထိမ်းအမှတ်ပွဲတွေ ကျင်းပပေးခဲ့ပေမယ့် ဒီလိုတိုက်တွန်းတာတော့ မရှိခဲ့ပါဘူး။
ပုံမှန်အားဖြင့်တော့ လွတ်လပ်ရေးနေ့ရောက်တိုင်း အချို့အိမ်တွေက နိုင်ငံတော်အလံလွှင့်ထူပေမယ့် အချို့ကတော့ မလွှင့်ထူပါဘူး။ ဒီအတွက်တပြေးညီ အလံလွှင့်ထူဖို့ တိုက်တွန်းတာဖြစ်နိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိပါတယ်။