ကုမ္ပဏီကို Stargate လို့ နာမည်ပေးထားပြီး အကြီးစား AI Infrastructure တွေ တည်ဆောက်သွားမှာပါ။ Stargate စီမံကိန်းကို နာမည်ကြီး AI ကုမ္ပဏီ OpenAI ၊ SoftBank နဲ့ Oracle ကုမ္ပဏီ ၃ ခု ပေါင်းပြီး တည်ထောင်သွားမယ်လို့ ဆိုပါတယ်။
အင်္ဂါနေ့က သမ္မတထရမ့်နဲ့အတူ အိမ်ဖြူတော်မှာ ဒီကုမ္ပဏီ ၃ ခုက CEO နဲ့ တည်ထောင်သူတွေ တက်ရောက်ပြီး ကြေညာသွားတာပါ။ ပရောဂျက်စစချင်း ဒေါ်လာ ဘီလျံ ၁၀၀ ကနေ နောက် ၄ နှစ်အတွင်း စုစုပေါင်း ဘီလျံ ၅၀၀ အထိ ရင်းနှီးမြှပ်နှံသွားမယ်လို့ ဆိုပါတယ်။
Oracle က အမေရိကန်ရဲ့ အကြီးဆုံးဒေတာစင်တာဆောက်လုပ်ရေး လုပ်ငန်းတွေထဲက တစ်ခု ဖြစ်သလို SoftBank ကလည်း ဘီလျံရာချီ ရင်းနှီးမြှပ်နှံရေး လုပ်မယ့်သူပါ။ SoftBank သူဌေး မာဆာယောရှီ ဆွန်က Stargate ဥက္ကဌနေရာ တာဝန်ယူပါလိမ့်မယ်။
OpenAI ကုမ္ပဏီက ဆမ်အော့တ်မန်ကလည်း AI ပြိုင်ပွဲမှာ အမေရိကန်ကို ထိပ်ဆုံးက ရှိစေဖို့ infra တွေ လိုတယ်ဆိုပြီး အစိုးရကို တိုက်တွန်းထားတဲ့သူပါ။ Stargate ပရောဂျက်ကနေ အလုပ်အကိုင်ပေါင်း ၁ သိန်းထက်မနည်း ဖန်တီးပေးနိုင်ဖို့လည်း မျှော်လင့်ထားတာပါ။
Stargate က နိုင်ငံအနှံ့ ဒေတာစင်တာဆောက်လုပ်ရေးအပါအဝင် မျိုးဆက်သစ် AI တွေ မောင်းနှင်မယ့် Infrastructure တွေ တည်ဆောက်သွားမယ်လို့ ထရမ့်က ကြေညာပါတယ်။ ပထမဆုံးပရောဂျက်ဖြစ်တဲ့ စတုရန်း ပေ ၁ သန်း အကျယ် ဒေတာစီမံကိန်းက တက္ကဆက်မှာ ဆောက်နေပြီလို့လည်း Oracle တည်ထောင်သူ လယ်ရီ အယ်လီဆင်က ပြောပါတယ်။
ဒီစီမံကိန်းက တော်တော်ကြီးသလို သမိုင်းတွင်မယ့်ပရောဂျက်ကြီးလည်း ဖြစ်လာနိုင်ပါတယ်။ Stargate စီမံကိန်းမှာ Arm , Microsoft , Nvidia တို့လည်း ပါတနာအနေနဲ့ လက်တွဲပြီး တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ Stargate က လူလောက် အသိဉာဏ်မြင့်ပြီး ဆင်ခြင်နိုင်စွမ်းရှိတဲ့ AGI ဖွံ့ဖြိုးရေးအထိ သွားနိုင်ဖို့ ရှိပါတယ်။