အမြင့်ပေ ၁၅၀ အကျယ် ပေ ၂၀၀ နီးပါးတဲ့ မြေစာပုံက အကျယ်ပေ ၈၀၀ ခန့်၊ အနက်ပေ ၂၀၀ ခန့်ရှိတဲ့ ရေကန်အတွင်းကို ပြိုကျခဲ့တာပါ။

ဖားကန့် မြို့၊ ဒီနေ့မနက်စောကဖြစ်ပွားခဲ့တဲ့ လုံခင်းကျေးရွာအုပ်စုက စိန်စိန်ကုမ္ပဏီလုပ်ကွက်အဟောင်းမြေစာပုံပြိုကျခဲ့မှုမှာ ပျောက်ဆုံးသူတွေထဲက အမျိုးသားအလောင်း ၂ လောင်းရှာဖွေတွေ့ရှိထားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။



အမြင့်ပေ ၁၅၀ အကျယ် ပေ ၂၀၀ နီးပါးတဲ့ မြေစာပုံက   အကျယ်ပေ ၈၀၀ ခန့်၊ အနက်ပေ ၂၀၀ ခန့်ရှိတဲ့ ရေကန်အတွင်းကို ပြိုကျကာ  ရေမဆေးကျောက် ရှာဖွေနေသူတွေ၊ ပျံကျဈေးခင်း ရောင်းချ‌ တဲ့ဈေးသည်၊ ကျောက်ဝယ်သူတွေ၊မျှောတိုက်သူတွေ ပါသွားတယ်လို့သိရပါတယ်။

" မနက်က တစ်လောင်းရထားတယ်၊ နေ့ခင်းတစ်လောင်းထပ်ရတယ်၊ကျန်တဲ့အလောင်းတွေကတော့ မရသေးဘူး။ မနက်က ဖုန်းဆက်အကြောင်းကြားတော့လည်း လူကတစ်ရာဝန်းကျင်ရှိတယ်ပြောတယ်။ ဈေးသည်တွေပါတယ်၊ ရေမဆေးသမားတွေပါတယ်၊ မျောတိုက်တဲ့အဖွဲ့တွေပါတယ်၊ ကျောက်ဝယ်တဲ့ လောပန်းတွေလည်း ပါတယ်လို့ပြောတယ်။ အတိအကျတော့ မသိရသေးဘူး။စာရင်းလာပေးတာလည်း မရှိသေးဘူး။မျက်မြင်ကိုယ်တွေဒေသခံတွေက လာပြောထားတာပဲရှိသေးတယ်။ ဖြစ်တာက မနက်စော ၃ နာရီ ခွဲ ၄ နာရီလောက်ပေါ့။ " လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတသမားတစ်ဦးကပြောပါတယ်။

မြေစာပုံပြိုကျမှူဖြစ်ပြီးကတည်းက လက်ရှိအချိန်အထိ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလုပ်ဆောင်နေကြတုန်းဖြစ်တယ်လို့ဆိုပါတယ်။ တွေ့ရှိတဲ့ရုပ်အလောင်းကိုတော့ဆေးရုံကိုပို့ဆောင်ထားတယ်လို့်သိရပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖားကန့် မြို့၊ မနမှော်ရှိ ကျောက်စိမ်းလုပ်ကွက်က  မြေစာပုံပြိုကျမှုမှာ ပျောက်ဆုံးနေတဲ့  ရေမဆေးကျောက်ရှာဖွေသမားတွေထဲက အမျိုးသားရုပ်အလောင်း ၄ လောင်းတွေ့ရှိထားတယ်လို့သိရပါတယ်။

ဖားကန့်မှာ ကျောက်စိမ်းတူးဖော်ခွင့်ကို ပိတ်ထားပေမယ့်လည်း စားဝတ်နေရေးအတွက် ဒေသခံတွေ အပါအဝင် ကျန်တိုင်းနဲ့ ပြည်နယ်ကနေ လာရောက်ပြီး တပိုင်တနိုင် တူးဖော်တာ၊ရှာဖွေတာတွေလုပ်ဆောင်နေကြတာဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကလည်း ကချင်ပြည်နယ်၊ ဖားကန့် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ‌ ဝှေခါကျောက်စိမ်းမှော်မှာ  မြေပြိုပြီး ရေလှိုင်း ရိုက်ခတ် မှုကြောင့် ကျောက်ရှာဖွေသူ ၊ကားသမား အပါအဝင် သေဆုံးသူ ၁၆၀ ကျော် အထိရှိခဲ့ပြီး ဒဏ်ရာရသူ ၇၀ ကျော်ရှိခဲ့ပါတယ် ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က