အီရန်နိုင်ငံ တီဟီရန်မြို့မှ ယူကရိန်းနိုင်ငံ ကိဗ်မြို့ကို ထွက်ခွာလာတဲ့ ယူကရိန်းလေယာဥ်တစ်စီး လေဆိပ်မှ ပျံတက်ပြီးနောက် ပျက်ကျသွားကြောင်း အီရန်မီဒီယာတွေက ဖော်ပြပါတယ်။
ယနေ့ (ဇန်နဝါရီ ၈ ရက်) ပျက်ကျသွားတဲ့ Boeing 737-800 လေယာဥ်ပေါ်မှာ ခရီးသည်နဲ့ လေယာဥ်အမှုထမ်း ၁၇၆ ဦး လိုက်ပါသွားခဲ့ကြောင်း Reutes သတင်းမှာ ဖော်ပြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက လေယာဥ်ပျက်ကျတဲ့ နေရာကို အလျင်အမြန် သွားရောက်ခဲ့ကြပါတယ်။
"လေယာဥ်က မီးလောင်နေတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ထားပါတယ်၊ ခရီးသည်အချို့ကို ကယ်တင်နိုင်ဖွယ်ရှိပါတယ်" လို့ အီရန်အရေးပေါ်ဆိုင်ရာဌာနမှ အကြီးအကဲ Pir-Hossein Koulivand က ပြောပါတယ်။ သို့သော် နောက်ပိုင်းမှတော့ ပျက်ကျခဲ့တဲ့ လေယာဥ်ပေါ်မှာ လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ကြကြောင်း Pir-Hossein Koulivand အီရန်သတင်းဌာန Tasnim News Agency ကို အတည်ပြုခဲ့ပါတယ်။
လေကြောင်းပျံသန်းမှု စောင့်ကြည့်ဝက်ဘ်ဆိုက် Flightradar24 မှာ ဖော်ပြထားမှုအရ ယူကရိန်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (Ukraine International Airlines) ရဲ့ လေကြောင်းခရီးစဥ်အမှတ် PS752 လေယာဥ်ဟာ တီဟီရန်မြို့ရှိ Imam Khomeini လေဆိပ်ကနေ ထွက်ခွာလာခဲ့ပြီးနောက် ဒေသစံတော်ချိန် မနက် ၆ နာရီကျော်မှာ ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကာ လေဆိပ်အနီးမှာပင် ပျက်ကျခဲ့ပြီး ပေါက်ကွဲမီးလောင်ခဲ့ပါတယ်။
လေယာဥ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သူတွေအနက် အီရန် ၈၂ ဦး၊ ကနေဒါနိုင်ငံသား ၆၃ ဦး၊ လေယာဥ်အမှုထမ်း အားလုံးအပါအဝင် ယူကရိန်း ၁၁ ဦး၊ ဆွီဒင် ၁၀ ဦး၊ အာဖဂန် လေးဦး၊ ဗြိတိန်သုံးဦးနဲ့ ဂျာမန်သုံးဦး ပါဝင်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Vadym Prystaiko က ပြောပါတယ်။
(Photo: AFP)
လက်ရှိမှာ အီရန်က အီရတ်ရှိ အမေရိကန်စစ်စခန်းတွေကို ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသတွင်း လေပိုင်နက်အတော်များများကို ပိတ်ထားတာလည်း ဖြစ်ပါတယ်။ ယူကရိန်းလေယာဥ်ပျက်ကျမှုဟာ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဖြစ်တယ်လို့ အီရန်မီဒီယာတွေက ပြောထားပါတယ်။ ယနေ့နှောင်းပိုင်း သတင်းတွအရ ရှာဖွကယ်ဆယ်ရေးအဖွဲ့တွေက ပျက်ကျခဲ့တဲ့လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာ (Black Box) ကို တွေ့ရှိခဲ့ကြာင်း သိရပါတယ်။