NASA ရဲ့ အစောပိုင်း အာကာသခရီးစဉ်‌တွေအတွက် လမ်း‌ကြောင်း တွက်ချက်ပေးခဲ့သူပါ

ကမ္ဘာပတ်လမ်းကြောင်း တွက်ချက်မှု လုပ်ဆောင်ခဲ့သူ အာဖရိကန်-အမေရိကန်နွယ်ဖွား နာဆာသင်္ချာပညာရှင် ကတ်သရင်း ဂျွန်ဆင်ဟာ အသက် ၁၀၁ နှစ်မှာ ကွယ်လွန်သွားပါတယ်။

မစ္စဂျွန်ဆက်ကို ၁၉၁၈ ခုနှစ် အနောက်ဗားဂျီးနီးယား မြို့ငယ်တစ်ခုမှာ ဖွားမြင်ခဲ့ပြီး ငယ်ငယ်ကတည်းက ကိန်းဂဏန်းတွေပေါ် အကြီးအကျယ် စိတ်ဝင်စားခဲ့တယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကတည်းက ကျောင်းပညာရေးမှာ ထူးချွန်ခဲ့တဲ့ သူမဟာ အသက် ၁၄ နှစ်မှာ အထက်တန်းကျောင်းပြီးခဲ့ပြီး အသက် ၁၈ နှစ်မှာ တက္ကသိုလ်က ဘွဲ့ရခဲ့ပါတယ်။

Photo: foxnews

၁၉၅၃ ခုနှစ်မှာ သူမဟာ NASA ရဲ့ အရင် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ အမျိုးသားလေကြောင်း အကြံပေးကော်မတီ (NACA) မှာ အလုပ်လုပ်ခဲ့တဲ့ ပထမဆုံး အာဖရိကန်-အမေရိကန်ဖွား အမျိုးသမီးတွေထဲက တစ်ဦး ဖြစ်ပါတယ်။ အာကာသလေ့လာရေးနယ်ပယ်မှာ သူမရဲ့ အကြီးကျယ်ဆုံး စွမ်းဆောင်ခဲ့မှုတစ်ခုကတော့ နေးလ်အမ်းစထရောင်းနဲ့ ဘက်ဇ်အယ်ဒါရင်းတို့ လိုက်ပါခဲ့တဲ့ ၁၉၆၉ ခုနှစ်က လပေါ် လူစေလွှတ်ခဲ့တဲ့ Apollo 11 ရဲ့ Lunar Lander လမ်းကြောင်း တွက်ချက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

မစ္စဂျွန်ဆင် အလုပ်ဝင်စ အစောပိုင်းနှစ်တွေမှာ အာကာသလမ်းကြောင်း တွက်ချက်မှုကို စာရွက် ၊ ဘောပင် နဲ့ Slide rule ပေတံတွေ သုံးပြီး လုပ်ဆောင်ခဲ့တာပါ။၁၉၆၂ ခုနှစ်က အမေရိကန်အာကာသယာဉ်မှူး ဂျွန်ဂလင်းကို ကမ္ဘာပတ်လမ်းထဲ စေလွှတ်ရာမှာလည်း သူမရဲ့ သင်္ချာစွမ်းရည်နဲ့ တွက်ချက်ပေးခဲ့ပါတယ်။

ကမ္ဘာပတ်လမ်းထဲ သွာမယ့် ပထမဆုံးအမေရိကန် အာကာသယာဉ်မှူး ဂျွန်ဂလန်းဟာ သူ့ရဲ့ ပျံသန်းမှု မလုပ်ခင်မှာ ကွန်ပျူတာတွေနဲ့ တွက်ချက်မှုတွေကို ထပ်မံအတည်ပြုဖို့အတွက်လည်း ကတ်သရင်း ဂျွန်ဆင်ကိုပဲ တောင်းဆိုခဲ့ပြီး သူမရဲ့ တွက်ချက် အတည်ပြုမှုမရရင် ပျံသန်းဖို့လည်း ငြင်းဆိုခဲ့တယ်လို့ BBC သတင်းက ဆိုပါတယ်။

" သင်္ချာပညာရှင်တစ်ယောက်အနေနဲ့ သူမရဲ့ ကျွမ်းကျင်မှုနဲ့ ကြိုးပမ်းအားထုတ်မှုဟာ လဆီ လူတွေ စေလွှတ်ရာမှာ အကူအညီ ဖြစ်ခဲ့ပါတယ်။ အဲဒီ့အရင်ကလည်း အာကာသမှာ ကျွန်တော်တို့ရဲ့ အာကာသယာဉ်မှူးတွေ ပထမဆုံးခြေချဖို့ ဆိုတာ ဖြစ်လာစေခဲ့ပါတယ်။ ဒီလိုကနေ အခုဆို အင်္ဂါဂြိုလ်အထိ ကျွန်တော်တို့ကို ခရီးဆန့်ဖို့ ဖြစ်လာပါပြီ" လို့ နာဆာ အုပ်ချုပ်ရေးမှူး ဂျင်မ်ဘရိုင်ဒန်စတင်းက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



ဘရိုင်ဒင်စတင်းဟာ မစ္စဂျွန်ဆင်ကို အာကာသစူးစမ်းလေ့လာရေးမှာ အမျိုးသမီးတွေနဲ့ အသားအရေမရွေး ပါဝင်ဖို့ တံခါးတွေ ဖွင့်ပေးခဲ့သူအဖြစ်လည်း ချီးကျူးစကားဆိုခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ သမ္မတ ဘားရက်အိုဘားမားဟာ မစ္စဂျွန်ဆင်ကို နိုင်ငံသားတစ်ယောက်အတွက် အမြင့်ဆုံး ချီးမြှင့်ပေးတဲ့ Presidential Medal of Freedom ဆု ချီးမြှင့်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ မစ္စဂျွန်ဆင်အကြောင်း Hidden Figures နာမည်နဲ့ ရုပ်ရှင်တစ်ကား ထွက်ခဲ့ပြီး အော်စကာစာရင်းဝင်ခဲ့ပါတယ်။ နာဆာအဖွဲ့အစည်းကလည်း ၂၀၁၇ ခုနှစ်မှာ ကတ်သရင်း ဂျွန်ဆင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဗာဂျီးနီးယားပြည်နယ် လန်ဂလေမှာ ရှိတဲ့ သုတေသနအဆောက်အဦကို သူမရဲ့ နာမည်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က