အကောင်းဆုံးကစားသမားဆုတွေကို ဝါရင့်ကစားသမားတွေကပဲ ဆွတ်ခူးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကတော့ အားလုံးမထင်မှတ်တာတွေဖြစ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်က သူတို့အိမ်ကွင်းမှာ ဗီလာရီးရဲလ်ကို ပြန်အနိုင်ယူမယ်လို့ထင်မှတ်ခဲ့ကြပေမယ့် တဂိုးစီသရေကျခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကလည်း အိမ်ကွင်းမှာ ချယ်လ်ဆီးကို သက်တောင့်သက်သာနဲ့ကစားနိုင်မယ်လို့ ယူဆခဲ့ပေမယ့် အသားကုန်ရုန်းခဲ့ရပြီး အချိန်ပိုဂိုးကြောင့်သာ နောက်တဆင့်ကို တက်ခဲ့တာပါ။ 

ပရီသတ်တွေကို ဖျော်ဖြေမှုပေးနိုင်ခဲ့တဲ့ ပွဲစဉ်တွေဖြစ်ခဲ့သလို ကစားသမားတဦးချင်းစီရဲ့ ခြေစွမ်းတွေကလည်း မှတ်မှတ်ရရပြောချင်စရာဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် ကွာတားဖိုင်နယ်အဆင့်မှာတော့ သက်ကြီးကစားသမားတွေ ခြေစွမ်းပြခဲ့ကြပြီး ရီးရဲလ်ကွင်းလယ်လူမိုဒရစ်၊ ဗီလာရီးရဲလ်နောက်ခံလူရာအူးလ်အယ်လ်ဘီယို၊ ရီးရဲလ်တိုက်စစ်မှူးဘန်ဇီမာတို့က တောက်ပခဲ့ကြပါတယ်။ 

မိုဒရစ်ကတော့ အသင်းအတွက် ရလဒ်ရော၊ နောက်တဆင့်အတွက်ပါ အလှည့်အပြောင်းဖြစ်စေမယ့် ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ လှပတဲ့ ကန်တင်ပေးပို့မှု၊ တိကျမှုတွေနဲ့အတူ ရိုဒရိုင်ဂိုက ချေပဂိုးသွင်းပေးခဲ့လို့ ရီးရဲလ်တို့ အချိန်ပိုအထိ ခရီးဆက်နိုင်ခဲ့တာပါ။ အသက် ၃၆ နှစ်အရွယ် ခရိုအေးရှားကွင်းလယ်လူရဲ့ ရုန်းအား၊ တခဏလေးအတွင်းမှာပဲ ပွဲကိုအလှည့်အပြောင်းလုပ်နိုင်စွမ်းအားက ကြီးမားလွန်းခဲ့ပါတယ်။ 

ဒါကြောင့်လည်း မိုဒရစ်က အဆိုပါပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘန်ဇီမာကလည်း ပထမအကျော့မှာ ဟက်ထရစ်သွင်းပြီး ခြေစွမ်းပြခဲ့သလို ဒုတိယအကျော့မှာ အဆုံးအဖြတ်ဂိုးကို ရယူနိုင်ခဲ့ပြန်ပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး လက်ရှိကမ္ဘာအ့ကောင်းဆုံးတိုက်စစ်မှူးလို့တောင် သတ်မှတ်ခံနေရကာ ဘလွန်းဒီအောဆုရဖို့အထိ

ရေပန်းစားနေသူလည်းဖြစ်ပါတယ်။ 

ဗီလာရီးရဲလ်နောက်ခံလူအယ်လ်ဘီယိုကတော့ ကြီးမှဝက်သက်ပေါက်တယ်ပြောရမလားပါပဲ။ အသက် ၃၆ နှစ်အရွယ်မှာမှ ချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့အထိ တောက်ပခဲ့တာပါ။ ဒီအတွက်လည်း သူတော်တော်လေးပျော်ရွှင်နေတာကို မြင်တွေ့ခဲ့ရပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကတော့ လူအိုကြီးတွေ ခြေစွမ်းပြခဲ့တယ်လို့ပ​ဲ ဆိုရတော့မှာပါ။ 

Share

က္က