အာဆင်နယ်ဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ထားပြီး ဒီအထဲမှာ မန်စီးတီးက တိုက်စစ်မှူး ဂျီးဆပ်စ်နဲ့ ဘယ်နောက်ခံလူ ဇင်ချန်ကိုတို့ ပါဝင်ပါတယ်။ ဇင်ချန်ကိုက အာဆင်နယ်တို့ လက်ရှိနောက်ဆုံးခေါ်ယူထားတဲ့ ကစားသမားဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း (၃၀) ပေးချေခဲ့ရပါတယ်။
ဇင်ချန်ကိုဟာ ယူကရိန်းလက်ရွေးစင်တယောက်ဖြစ်ပြီး ရုရှားက ယူကရိန်းကို ကျူးကျော်ချိန်မှာ ရုရှားသမ္မတ ပူတင်ကို မီဒီယာစာမျက်နှာတွေထက်ကနေ ဆက်တိုက် ထိုးနှက်ခဲ့ပါတယ်။ ဒီကစားသမားက ယူကရိန်းအကြောင်း မေးမြန်းခံရတဲ့အခါတိုင်း မီဒီယာတွေရှေ့မှာ မျက်ရည်တွေနဲ့ ဖြေဆိုလေ့ရှိပြီး အခုချိန်မှာတော့ ယူကရိန်းသမ္မတရဲ့ဇနီးကပါ ဇင်ချန်ကိုနဲ့ ပတ်သက်လို့ ဖွင့်ဟလာခဲ့ပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီးရဲ့ ဇနီး၊ ယူကရိန်း First Lady အိုလီနာဇီလန်စကာက “ယူကရိန်းမှာရှိတဲ့လူတိုင်းက ဇင်ချန်ကို,ကို ချစ်မြတ်နိုးကြပါတယ်။ သူက ကျမတို့နိုင်ငံနဲ့ ယူကရိန်းလူမျိုးတွေရဲ့ သူရဲကောင်းတွေထဲက တယောက်အပါအဝင်ပါ။ ဇင်ချန်ကိုက လူကောင်းတယောက်ဖြစ်ပြီး ကောင်မလေးတွေကလည်း သူ့ကို သဘောကျကြပါတယ်”
“ကျမတို့ ယူကရိန်းကလူတွေက အာဆင်နယ်အသင်းရဲ့ ပရိသတ်ဖြစ်လာတော့မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ လက်ရှိနွေရာသီမှာ မတ်တာနာ၊ မာကွင်ဟိုစ်၊ ဖေဘီယိုဗီအဲရာ၊ ဂျီးဆပ်စ်နဲ့ ဇင်ချန်ကိုတို့ကို ခေါ်ယူထားခဲ့တာပါ။
ဇင်ချန်ကိုဟာ သာမန်အားဖြင့် ကွင်းလယ်မှာကစားလေ့ရှိပေမယ့် ဂွါဒီယိုလာရဲ့ လိုအပ်ချက်ကြောင့် ဘယ်နောက်ခံလူနေရာကို ဆင်းကစားရင်း ဘယ်ခြမ်းအတွက် တိုက်စစ်လိုက်ပါမှုအပိုင်းမှာရော၊ ခံစစ်ကစားတဲ့နေရာမှာပါ ပုံစံကောင်းပြသနိုင်တဲ့ ကစားသမားတယောက် ဖြစ်လာခဲ့ပါတယ်။