လူ့ဘောင်သစ်ပါတီဒီမိုကရက်တစ်ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၆ ဦးဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး လွှတ်တော်တွင်းမှာ အခြေခံလူတန်းစားတွေရဲ့ အခက်အခဲတွေ၊ ဖိနှိပ်ခံရတာတွေကို တင်ပြနိုင်ဖို့ ရွေးကောက်ပွဲဝင်ပြိုင်ရခြင်းဖြစ်တယ်လို့ ပါတီဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
ဒါ့အပြင် ပါတီအနေနဲ့ လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို ကိုယ်စားလှယ်လောင်းအဖြစ် အဓိက ရွေးချယ်ခဲ့ပြီး လူထုရဲ့အသံအစစ်အမှန် ၊ ဒီမိုကရေစီအရေး၊ငြိမ်းချမ်းရေးကိစ္စရပ်တွေမှာ ပါတီရဲ့ အမြင်သဘောထားတွေကို ဆွေးနွေးနိုင်ဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။
“ ဖိနှိပ်ခံ အလုပ်သမား၊လယ်သမားတွေ၊ တိုင်းရင်းသားလူမျိုးစုတွေ၊ လူတွေရဲ့ တကယ့်ဘဝတွေမှာ ခံစားနေရတဲ့ ခံစားချက်တွေကို လွှတ်တော်ထဲမှာတင်ပြဆွေးနွေးနိုင်ဖို့ပါ။ ဒီနေ့ အခြေအနေအထိ တိုင်းပြည်က ဒီမိုကရေစီကို မရောက်သေးဘူး။ ရခိုင်လိုဒေသတွေမှာ မငြိမ်းချမ်းသေးဘူး။ဒါကြောင့် ပြည်တွင်းစစ်၊ ပြည်တွင်းငြိမ်းချမ်းရေးတွေရဖို့ လွှတ်တော်ထဲမှာ ဆွေးနွေးဖို့ပေါ့နော်။ အဓိကက ကျွန်တော်တို့ပါတီက လွှတ်တော်တွင်း နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ဖို့ ဝင်ပြိုင်ရတာပါ။” လို့ ပါတီဥက္ကဌ ဦးအောင်မိုးဇော်က Duwun ကိုပြောပါတယ်။
ဓာတ်ပုံ- လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
၂၀၂၀ရွေးကောက်ပွဲမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကိုယ်စားပြုပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးတို့မှာ ကိုယ်စားလှယ်လောင်း(၁၆)ဦးဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ပြည်သူ့လွှတ်တော်နေရာမှာ (၆) ဦး၊ တိုင်းဒေသကြီးလွှတ်တော်နေရာမှာ (၁၀) ဦး ဝင်ပြိုင်မှာလည်း ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်းပါဝင်မှုကတော့ အမျိုးသမီးကိုယ်စားလှယ်လောင်း (၈) ဦး၊ လူငယ်ကိုယ်စားလှယ်လောင်း ၃ ဦး၊ လူနည်းစု/လူမျိုးစုကိုယ်စားလှယ်လောင်း (၅) ဦးဖြစ်ပြီး ဒီမိုကရေစီ အရေးတွေမှာ တက်ကြွလှုပ်ရှားသူတွေအဖြစ် ဦးဆောင်ပါဝင်ခဲ့တဲ့ လူငယ်သစ် (၃) ဦးလည်းပါဝင်လာတယ်လို့ သိရပါတယ်။
“ပါတီလူငယ်တွေက ဒီမိုကရေစီအရေးကိစ္စတွေမှာ တော်တော်တက်ကြွမယ်လို့ ယူဆပါတယ်။ ကိုယ်စားလှယ်တွေထဲသူတို့ကလူနည်းစုတွေပါ။ တိုင်းပြည်မှာဖြစ်နေတဲ့လူနည်းစုတွေရဲ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဖိနှိပ်ခံရမှုတွေမှာလည်း တော်ေ တာ်တက်တက်ကြွကြွဖြစ်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပါတီဥက္ကဌ ဦးအောင်မိုးဇော်က Duwun ကိုပြောပါတယ် ။
ပါတီကိုယ်စားပြု ဝင်ပြိုင်မယ့် လူငယ်ကိုယ်စားလှယ်လောင်း (၃) ဦးကတော့ ဒေါ်အိသဉ္စာမောင်(ပန်းဘဲတန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်) ၊ဦးဝေဖြိုး (မြင်းခြံမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ) ၊ ဒေါ်ရွှေရည်လင်းထင်(ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဗိုလ်တထောင်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂) တို့က ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။