(Photo: AFP)
လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယားစောင့်ကြည့်အဖွဲ့ (Syrian Observatroy for Human Rights) က ထုတ်ပြန်ပြောကြားမှုအရ သေဆုံးခဲ့သူတွေအနက် ကလေးငယ် ၂၁,၀၀၀ ကျော်နဲ့ အမျိုးသမီး ၁၃,၀၀၀ လည်း ပါဝင်ကြောင်း သိရပါတယ်။ အဆိုပါအဖွဲ့ဟာ ဆီးရီးယားနိုင်ငံတစ်ဝှမ်း သတင်းအချက်အလက်ရင်းမြစ် ကွန်ရက်တစ်ခု ရှိထားပါတယ်။
၂၀၁၁ ခုနှစ် မတ်လ ၁၅ ရက်နေ့က ဆီးရီးယားတောင်ပိုင်း ဒါရာမြို့ (Daraa) မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ မကြုံစဖူး စတင်ပေါ်ပေါက်ခဲ့ပြီးနောက် ပြည်တွင်းစစ်ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ဆန္ဒပြမှုတွေ နိုင်ငံတစ်ဝှမ်း ပေါ်ပေါက်လာခဲ့ရာ ဆီးရီးယားအစိုးရက ရက်စက်စွာ နှိပ်ကွပ်ခဲ့ပြီးနောက် လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်လာခဲ့ပါတယ်။
(Photo: Kremlin Press Office/ Anadolu)
ထို့နောက်မှာတော့ ဆီးရီးယားပြည်တွင်းစစ်မှာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ စစ်သွေးကြွအုပ်စုတွေက ပါဝင်လာခဲ့ကြပါတယ်။ ဆီးရီးယားစစ်ပွဲအတွင်း အစိုးရတပ်ဖွဲ့တွေက ဓာတုလက်နက်သုံးပြီး တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။ ဗြိတိန်အခြေစိုက် အဆိုပါ စောင့်ကြည့်အဖွဲ့က ယမန်နှစ် စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့မှုအရ ဆီးရီးယားစစ်ပွဲအတွင်း သေဆုံးသူဦးရေဟာ ၃၆၀,၀၀၀ ကျော်ရှိခဲ့တာလည်း ဖြစ်ပါတယ်။
(Photo: Anadolu)
ဆီးရီးယားပြည်တွင်းစစ်ကြောင့် နိုင်ငံသား ၁၃ သန်းဟာလည်း စစ်ဘေးဒုက္ခသည်တွေအဖြစ် နေအိမ်စွန့်ခွာခဲ့ကြရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီရှိကြောင်း စောင့်ကြည့်အုပ်စုက ပြောပါတယ်။ သမ္မတ ဘရှားအယ်လ်အာဆတ်ဟာ အင်အားကြီးနိုင်ငံဖြစ်တဲ့ ရုရှားနဲ့ အီရန်တို့ရဲ့ ကူညီထောက်ပံ့မှုဖြင့် ပြည်တွင်းစစ်ပွဲကို အနိုင်ရခဲ့ပြီး နိုင်ငံရေးအရ ဆက်လက် ရှင်သန်နိုင်ခဲ့ပေမဲ့ ဆီးရီးယားနိုင်ငံကတော့ အပျက်အစီးများနဲ့အတူ ဘဏ္ဍာငွေပြတ်လပ်မှု ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာ သမ္မတအာဆတ်က ရုရှားရဲ့ အကြီးအကျယ် ကူညီတိုက်ခိုက်ပေးမှုအရ ဆီးရီးယားနိုင်ငံရဲ့ သုံးပုံနှစ်ပုံကို ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။ သို့သော် ကာဒစ်တို့ဦးဆောင်တဲ့ တိုက်ခိုက်ရေးသမားတွေ သိမ်းပိုက်ထားတဲ့ နိုင်ငံအရှေ့မြောက်ပိုင်း ရေနံမြေအပါအဝင် အဓိကကျတဲ့ နေရာဒေသတွေကိုတော့ ဆီးရီးယားအစိုးရက မထိန်းချုပ်နိုင်သေးပါဘူး။
(Photo: AFP)
ဆီးရီးယားစစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေပြီး အမေရိကန်က ကျောထောက်နောက်ခံပြုထားတဲ့ Syrian Democratic Forces ကလည်း အိုင်အက်စ်အုပ်စုကို တိုက်ခိုက်ရေးမှာ ဦးဆောင်ခဲ့ပြီး လက်ရှိမှာတော့ အီရတ်နိုင်ငံအနီး နယ်စပ်နေရာမှာ အခြေစိုက်ထားပါတယ်။
ဆီးရီးယား အနောက်မြောက်ပိုင်းရှိ Idlib မြို့ကိုတော့ HTS အုပ်စုက သိမ်းပိုက်ထားခဲ့ပြီး တူရကီနဲ့ ရုရှား နိုင်ငံတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီး အဆိုပါမြို့ဧရိယာမှာ တူရကီတပ်ဖွဲ့များ တပ်စွဲထားကြောင်း သိရပါတယ်။ ပြည်တွင်းစစ်ကြောင့် ပြိုလဲသွားခဲ့တဲ့ ဆီးရီးယားနိုင်ငံ စီးပွားရေးကို ပြန်လည်ထူထောင်ရန်အတွက် ဆယ်စုနှစ်သုံးခု ကြာမြင့်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
(Photo: AFP)
ပြည်တွင်းစစ်ကြောင့် ဆီးရီးယားမှာ အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးပြီး ရေနဲ့နဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွေလည်း ရပ်ဆိုင်းသွားခဲ့ပါတယ်။ ဆီးရီးယားသမ္မတ အာဆတ်က ကုန်သွယ်မှုအဆိုင်ရာ အရေးပါတဲ့နေရာတွေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး အာရပ်အသိုင်းအဝိုင်း သံတမန်ဆက်ဆံရေးကို ပြန်လည်စတင်ရန် အစပျိုးနေတယ်လို့ ဆိုပါတယ်။
၂၀၁၁ ခုနှစ် အစိုးရဆန့်ကျင်ရေး ဆူပူအုံကြွ ဆန္ဒပြမှုတွေကို နှိပ်ကွပ်ခဲ့ရာမှာ လူသေဆုံးမှုတွေရှိခဲ့ပြီးနောက် အာရပ်အဖွဲ့ချုပ် (Arab League) က ဆီးရီးယားကို အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ဆိုင်းငံ့ထားခဲ့ပါတယ်။ ယခုအခါမှာ နိုင်ငံအချို့က အာရပ်အဖွဲ့ချုပ်မှာ ဆီးရီးယား ပြန်လည်ပါဝင်ရေး ပြောဆိုမှုတွေရှိနေကြောင်း သိရပါတယ်။
အာရပ်အဖွဲ့ချုပ်ကို ၁၉၄၅ ခုနှစ် မတ်လ ၂၂ ရက်နေ့က အီဂျစ်နိုင်ငံ ကိုင်ရိုင်မြို့မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ဆော်ဒီအာရေဗီးယား၊ လက်ဘနွန်၊ ထရန်စ်ဂျော်ဒန်၊ အီဂျစ်၊ အီရတ်နဲ့ ဆီးရီးယားတို့က စတင်တည်ထောင်တဲ့ နိုင်ငံများဖြစ်ကြပါတယ်။ အာရပ်အဖွဲ့ချုပ်မှာ အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားတဲ့ ဆီးရီးယား အပါအဝင် စုစုပေါင်း ၂၂ နိုင်ငံ ပါဝင်ကြောင်းလည်း သိရပါတယ်။
Source: Reuters, BBC