Microsoft ရဲ့ နာမည်ကျော် အွန်လိုင်းဗွီဒီယိုဖုန်းခေါ်ဆိုရေးသုံး app ဖြစ်တဲ့ Skype ကတော့ သူ့ရဲ့ Group video chat မှာ ဝင်ပြောနိုင်မယ့်လူဦးရေ နှစ်ဆတိုးလိုက်ပြီ ဖြစ်ပါတယ်။
Photo: Engadget
Skype ရဲ့ Group video chat ဟာ အရင်က လူ ၂၅ ဦးအထိ တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ပြောနိုင်တာ ဖြစ်ပြီး video conference များနဲ့ရုပ်သံအစည်းအဝေးတွေလုပ်ဖို့အများဆုံး သုံးကြပါတယ်။ Skype လိုပဲ အဖွဲ့လိုက်ဗွီဒီယိုချက်တင်ထိုင်နိုင်တဲ့ Apple ရဲ့ FaceTime ကတော့ တစ်ကြိမ်မှာ လူပေါင်း ၃၂ ဦးအထိ ချက်တင်ထိုင်နိုင်ပါတယ်။
"Skype group တို့မှာ အခုဆို လူပေါင်း ၅၀ အထိ call ခေါ်နိုင်ပြီ ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ပဲ ပြောပြော ကိုယ့်အဖွဲ့ရဲ့ နောက်ဆုံးလုပ်ဆောင်ချက်အကြောင်းပဲ ဆွေးနွေးဆွေးနွေး တစ်ကမ္ဘာလုံးက speaker တွေနဲ့ကွန်ဖရင့်ပဲလုပ်လုပ် Skype ဟာ တစ်နေရာတည်းမှာ လူတိုင်းအတွက် အဆင်ပြေလွယ်ကူစေမှာပါ" လို့Microsoft မှ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Microsoft ဟာ Skype ရဲ့ အသံနဲ့ရုပ်သံခလုတ်တွေလည်း group call ကြီးတွေအတွက် ထည့်ပေးထားလို့သုံးစွဲသူတွေအနေနဲ့သူတို့ရဲ့ မိုက်ခရိုဖုန်း နဲ့ဝက်ဘ်ကင်မရာတွေကို အလွယ်တကူပိတ်ထားနိုင်မှာ ဖြစ်ပါတယ်။ Skype ဟာ ဖုန်းခေါ်တာ ၊ အစည်းအဝေးလုပ်ရာမှာ ပိုပြီး ရိုးရှင်းတဲ့ noti ဒီဇိုင်းတွေကိုလည်း လုပ်ဆောင်ထားပါတယ်။
Skype ရုပ်သံခေါ်ဆိုရေး ဝန်ဆောင်မှုကို ၂၀၀၃ ခုနှစ်က စတင်ဖြန့်ချိခဲ့တာ ဖြစ်ပြီး Windows ၊ iOS ၊ Android ၊ Mac နဲ့Linux စတဲ့ ပလက်ဖောင်းတို့မှာ သုံးနိုင်မယ့် ဝန်ဆောင်မှုလည်း ဖြစ်ပါတယ်။ Microsoft ဟာ ၂၀၁၁ မေလထဲမှာ Skype Communications ကို ဒေါ်လာ ၈.၅ ဘီလျံနဲ့ဝယ်ယူခဲ့တာပါ။ လက်ရှိမှာ Skype ကို Google Play ပေါ်မှ ဒေါင်းလုပ်ဆွဲမှုပေါင်း သန်း ၁ ထောင်ကျော် ရှိထားပြီး လစဉ်ပုံမှန်သုံးစွဲသူ သန်း ၃၀၀ နဲ့အထက်မှာ ရှိနေပါတယ်။