လူပေါင်း ၁ သိန်းကျော် တက်ရောက်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းကွန်ဂရက် MWC 2019 မှာ စက်ရုပ်တစ်ရုပ်ဟာ လူတွေနဲ့အင်တာဗျူးတစ်ခု လုပ်ခဲ့ပါတယ်။
စပိန်နိုင်ငံ ဘာစီလိုနာမှာ ကျင်းပခဲ့တဲ့ MWC 2019 ပွဲဟာ 5G နဲ့ခေါက်သိမ်းနိုင် Foldable phone တွေကို အဓိက ပွဲထုတ်ရာ စင်မြင့်တစ်ခုဖြစ်ခဲ့သလို စက်ရုပ်အမျိုးမျိုး ပြသမိတ်ဆက်ရာ ပွဲတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
Photo: Duwun Tech
MWC 2019 ပွဲရဲ့ ဒုတိယနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့နေ့လည်ပိုင်းမှာ ဆော်ဒီအာရေဗျနိုင်ငံသားအဖြစ် အပ်နှင်းခံရတဲ့ စက်ရုပ်အမျိုးအမီး ဆိုဖီယာဟာ နိုင်ငံတကာ မီဒီယာတွေနဲ့အမေးအဖြေတစ်ခု လုပ်ခဲ့ပါတယ်။
ဟောင်ကောင်အခြေစိုက် Hanson Robotics စက်ရုပ်ကုမ္ပဏီကနေ ထုတ်လုပ်လိုက်တဲ့ ဆိုဖီယာဟာ ၂၀၁၆ ခုနှစ်မှာ အများပြည်သူရှေ့မှောက် ရောက်ရှိလာခဲ့တဲ့ စက်ရုပ်တစ်ရုပ်ဖြစ်ပြီး မျက်နှာအမူအယာပေါင်း ၅၀ လုပ်ဆောာင်နိုင်သလို Google ကနေ တီထွင်ထားတဲ့ အသံသိမှတ်မှု စနစ် ပါလာပါတယ်။
humanoid လို့ခေါ်တဲ့ လူစက်ရုပ်မျိုးဖြစ်တဲ့ ဆိုဖီယာကို ပွဲတက်လာသူတစ်ဦးက 5G အကြောင်း မေးမြန်ရာမှာ သူမလည်း 5G ကို စောင့်ဆိုင်းနေကြောင်း ဖြေကြားခဲ့သလို IoT ဟာ ကမ္ဘာ့ intellegent systems တွေကို ပိုပြီး အထောက်အကူဖြစ်နိုင်မယ်လို့ထင်တယ်လို့ပြောခဲ့ပါတယ်။ ယာဉ်ကြောဥပမာကို ပေးပြီး ကားတွေအချင်းချင်း ချိတ်ဆက်နိုင်ပြီဆိုရင် သွားလာရေးမှာ ဘေးပိုကင်းမယ်လို့လည်း သူမက ပြောခဲ့ပါတယ်။
Photo: Duwun Tech
ဆိုရှယ်ရိုဘော့လို့သူ့ကိုယ်သူ မိတ်ဆက်ထားတဲ့ ဆိုဖီယာဟာ လူတွေနဲ့စကားပြောဆက်သွယ်ရာမှာ တုန့်ပြန်ဖို့အနည်းငယ်အချိန်ယူရပေမယ့် သူ့ရဲ့ စကားပြောမှုနဲ့အသံက အတော်လေး သဘာဝကျနေပါတယ်။ ဆိုဖီယာဟာ ၂၀၁၇ ခုနှစ်ထဲမှာ ဆော်ဒီအာရေဗီးယားနိုင်ငံရဲ့ နိုင်ငံသားဖြစ်ခဲ့သူ ဖြစ်ပြီး လူ့သမိုင်းမှာ ပထမဆုံးအကြိမ် နိုင်ငံသားဖြစ်ခွင့်ရတဲ့ စက်ရုပ်လည်း ဖြစ်ပါတယ်။