အောင်မြင့်မြတ်ကတော့ ကိုယ်ပိုင်ယုံကြည်ချက်နဲ့ အနုပညာလမ်းကြောင်းအပေါ် လျှောက်လှမ်းနေတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ကမ်းလှမ်းလာတဲ့ ကာရိုက်တာတိုင်းကိုလည်း မရိုက်ဖြစ်ဘူးလို့ ဆိုပါတယ်။
တက်သစ်စ အနုပညာရှင်တွေထဲကမှ အောင်မြင့်မြတ်ကတော့ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိလာတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ ဒါပေမယ့် သူဟာ ဇာတ်ကားရိုက်ကူးဖို့ လက်ခံတဲ့အခါမှာတော့ ကာရိုက်တာ ရွေးချယ်မှုတွေရှိတယ်လို့ Duwun Media ကနေပြောပြလာပါတယ်။
‘’အကုန်လုံးက ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပါပဲ။ ဘယ်သူမဆို ကိုယ့်ယုံကြည်ချက်၊ ကိုယ့်ရွေးချယ်မှုနဲ့ပဲ သွားကြတာ။ ကျွန်တော်လည်း ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်သွားကြတဲ့အခါကျတော့ ငြင်းလိုက်တယ်ဆိုတာကလည်း မပြောဖြစ်ခဲ့ပါဘူး။ မရိုက်ဖြစ်တဲ့အကြောင်းအရင်းကလည်း ဒါရိုက်တာတွေနဲ့ စကားပြောဖြစ်တဲ့အခါကျရင် ကိုယ်နဲ့ အဆင်မပြေဘူးဆိုရင် ကျွန်တော် ဒါလေးတွေမလုပ်ချင်သေးလို့ ဒါဆို ထပ်နေလို့ဆိုပြီးတော့ ပြောပြရတယ်’’ လို့ ဆိုပါတယ်။
အခုလက်ရှိမှာတော့ Golden Hour ရုပ်ရှင်ထုတ်လုပ်ရေးနဲ့အတူ ဆရာမင်းသိင်္ခရဲ့ ဝတ္ထုတွေထဲက ဆားပုလင်းနှင်းမောင်၊ စနေမောင်မောင်နဲ့ ဒေါက်တာဆိတ်ဖွား စတဲ့ကာရိုက်တာတွေကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပုံဖော်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားအတွက် လက်ခံဖြစ်ခဲ့ပုံကို ပြောပြလာပါတယ်။
‘’အဓိက က ကိုယ်နဲ့အဆင်ပြေတာကို ကိုယ်ရွေးဖြစ်တယ်။ ပိုပြီးတော့ အရေးကြီးတာက ကျွန်တော်က ဒါရိုက်တာတွေနဲ့ စကားအရင်ပြောဖြစ်တယ်။ ဒီဇာတ်ပေါ်မှာ ဘယ်လိုမြင်လဲ၊ ကိုယ်က ဘာတွေ လုပ်ပေးနိုင်မလဲ။ ကာရိုက်တာကလည်း နည်းနည်းကြမ်းတာတွေများနေတယ်။ နုနုရွရွဆိုလို့ Dear Crush ဆိုတဲ့ MTV တစ်ခုပဲရှိတယ်’’ ဆိုပြီးတော့ ဆရာကြီး မင်းသိင်္ခရဲ့ ဝတ္ထုထဲက ဇာတ်ကောင်တွေ ဝယ်ယူတဲ့ပွဲမှာ ဖြေဆိုခဲ့တာပါ။
အောင်မြင့်မြတ်ကိုတော့ ၂၀၁၈ ခုနှစ်အတွင်းက ရုံတင်ပြသခဲ့တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားထဲက သိန်းစိုး ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ‘’ နာရီ ၁၁၀’’ ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ အဲ့ဒီနောက် မေတိုးခိုင်နဲ့အတူ Dear Crush ဆိုတဲ့ သီချင်းလေးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။