ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ အင်္ဂါနေ့ညက ကိုပါအီတာလီယာဖလားပွဲစဉ်အဖြစ် ဂျူဗင်တပ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ လူမျိုးရေးခွဲခြားမှုတွေ ခံခဲ့ရတဲ့ လူကာကူကို အားပေးထောက်ခံတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အင်တာမီလန်အသင်းဟာ တူရင်မှာ ကစားခဲ့တဲ့ အီတလီဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ ၁-၀ နဲ့ ရှုံးနိမ့်နေရာကနေ ချေပဂိး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ၁-၁ နဲ့ ပွဲပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ၈၃ မိနစ်မှာ ဂျူဗင်တပ်ကြယ်ပွင့် ကွက်ဒရာဒိုက အဖွင့်ဂိုး သွင်းယူပြီးနောက်မှာ လူကာကူက နာကျင်အချိန်ပို ၉၅ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေတဆင့် ချေပဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဘယ်လ်ဂျီယမ်တိုက်စစ်မှူးဟာ ၎င်းကို တစ်ပွဲလုံး နှောင့်ယှက်စော်ကားခဲ့တဲ့ ဂျူဗင်တပ်ပရိသတ်တွေရှေ့မှာ အောင်ပွဲခံခဲ့ပြီးနောက် ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အင်တာမီလန်နဲ့ ဂျူဗင်တပ်တို့ရဲ့ ဖလားပွဲစဉ်ဟာ ဝရုန်းသုန်းကားဖြစ်ခဲ့ပြီး ကွက်ဒရာဒိုနဲ့ ဟန်ဒါနိုဗစ်တို့ဟာ ပွဲပြီးဝီစီမှုတ်ပြီးနောက် ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ အနီကတ်နဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။
အင်တာမီလန်နဲ့ ဂျူဗင်တပ်တို့ပွဲအပြီးမှာ လူကာကူက အင်စတာဂရမ်ပေါ်မှာ ၎င်းရဲ့ စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုခဲ့ပြီး “သမိုင်းက သူ့ဘာသာသူ တစ်ပတ်လည်တယ်။ ၂၀၁၉ ခုနှစ်တုန်းက အဲဒါတွေကို ဖြတ်သန်းခဲ့ရပြီး ၂၀၂၃ ခုနှစ်မှာ နောက်ထပ်တစ်ကြိမ် ရင်ဆိုင်နေရတယ်။ လိဂ်က ဒီတစ်ကြိမ်မှာတော့ အမှန်တကယ် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်မယ်လို့ မျှော်လင့်မိပါတယ်။ ဘာလို့လဲဆိုတော့ ဒီလှပတဲ့ ပြိုင်ပွဲကို အားလုံးပျော်ရွှင်ခံစားသင့်လို့ပါ။ လူမျိုးရေးခွဲခြားမှုတွေကို ဖာ့ခ်ပဲ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး အမ်ဘာပေက လူကာကူးရဲ့ ပို့စ်ကို ၎င်းရဲ့ စတိုရီမှာ မျှဝေခဲ့ပြီး “၂၀၂၃ ခုနှစ်အထိ တူညီတဲ့ပြဿနာတွေ ရှိနေတုန်းပဲ။ ဒါပေမယ့် ခင်ဗျားကို ကျွန်တော်တို့ ခွင့်ပြုမှာမဟုတ်ပါဘူး။ အားလုံး လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ကြပါ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။