ဒီနေ့ည (၉း၃၀)နာရီမှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် နဲ့ ဆောက်သမ်တန်တို့ရဲ့ ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ (ရး၀၀)နာရီမှာ ကစားခဲ့တဲ့ စပါး နဲ့ အာဆင်နယ်တို့ သရေကျခဲ့လို့ ယူနိုက်တက်အတွက် ဒီပွဲက အခွင့်အရေးကို အရယူဖို့ ကြိုးစားရမယ့်ပွဲဖြစ်ခဲ့ပြီး ပွဲက အကြိတ်အနယ်ရှိခဲ့ပါတယ်။
ပဲလေ့နဲ့ပွဲက လူစာရင်းကို ဆိုးလ်ရှားက အပြောင်းအလဲ အနည်းငယ်သာပြုလုပ်ခဲ့ပြီး ပွဲထွက်ခဲ့သလို ဆောက်သမ်တန်ကလည်း အဓိကကစားသမားတွေ အစုံအလင်နဲ့ အိုးထရက်ဖို့ဒ်ကို လာရောက်ခဲ့ပါတယ်။ ပွဲစတာနဲ့ ယူနိုက်တက်ဘက်က တိုက်စစ်ကို မြှင့်တင်ကစားခဲ့ပြီး လူကာကူရဲ့ ကန်သွင်းချက်ကို ဆောက်သမ်တန်ဂိုးသမားကာကွယ်နိုင်ခဲ့လို့ စောစောစီးစီး ဂိုးမရခဲ့တာပါ။
ယူနိုက်တက်ဘက်က ပွဲကို စိုးမိုးထားပြီး တိုက်စစ်ကို ဖိအားပေးကစားနေခဲ့ပေမယ့် ဆောက်သမ်တန်ဂိုးသမား သေချာပေါက်ဂိုး (၂)ဂိုးကို ကာကွယ်နိုင်ခဲ့ပါတယ်။ (၂၆)မိနစ်မှာတော့ မထင်မှတ်ပဲ ဆောက်သမ်တန်တို့ ဂိုးရသွားခဲ့ပြီး နောက်ခံလူ ယန်ဗယ်လာရီက လှပတဲ့ အဝေးကန်သွင်းချက်နဲ့ ကန်သွင်းခဲ့ရာမှာ ဒီဂီယာ ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ပဲ ဂိုးပေးခဲ့ရပါတယ်။
ဂိုးပေးလိုက်ရပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆက်တိုက်ဖိကစားခဲ့ပြီး ချေပဂိုးရဖို့ အားထုတ်ခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်၊ လူကာကူတို့ အပိုင်ခေါင်းတိုက်ခွင့်တွေ လွဲချော်ခဲ့ရလို့ နစ်နာခဲ့ရပါတယ်။ ဆောက်သမ်တန်ကလည်း တိုက်စစ်ကို လျင်လျင်မြန်မြန်နဲ့ ကစားနိုင်ခဲ့လို့ ပြန်လည်ထိုးဖောက်တိုင်းမှာ ယူနိုက်တက်ခံစစ်ပိုင်းက သတိကြီးကြီးထားကာကွယ်ခဲ့ရပါတယ်။
ပထမပိုင်းမှာ ဆောက်သမ်တန်က တစ်ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒါကြောင့် ဒုတိယပိုင်းစတာနဲ့ ယူနိုက်တက် တိုက်စစ်ကို အစွမ်းကုန်မြှင့်တင်ကစားလာခဲ့ပါတယ်။ ဆန်းချက်ဇ် ဒဏ်ရာရသွားပြီး(၅၂)မိနစ်မှာ ဒါလော့နဲ့ လူစားလဲလှယ်ခဲ့ရာမှာ ပွဲရဲ့အလှည့်အပြောင်းက
ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါလော့က ဝင်ဝင်လာချင်းတိကျတဲ့ ပေးပို့မှုပြုလုပ်ခဲ့ပေမယ့် ရက်ရှ်ဖို့ဒ် လွဲချော်ခဲ့ရပါတယ်။
ဒါပေမယ့်လည်း(၅၃)မိနစ်မှာ ဒါလော့ရဲ့ ကွင်းလယ်ကနေ ပေးပို့မှုကို ပါရဲရားက ဆွဲပြေးရင်းနဲ့ ဂိုးနဲ့ခပ်လှမ်းလှမ်းကနေ လှလှပပဝေ့ဝိုက်ကန်သွင်းခဲ့ရာမှာ ဂိုးဝင်သွားခဲ့ပြီး ယူနိုက်တက်တို့ ချေပဂိုးရရှိခဲ့ပါတယ်။ ချေပဂိုးရပြီးနောက် ကစားအားရော၊ ယုံကြည်မှုပါ မြင့်တက်သွားလို့ ယူနိုက်တက်ကစားပုံ ပိုကောင်းလာခဲ့ပြီး အနိုင်ဂိုးအတွက် အားထုတ်ခဲ့ပါတယ်။
ဒါကြောင့်လည်း (၅၉)မိနစ်မှာ ပါရဲရားရဲ့ ဖန်တီးပေးမှုကနေ လူကာကူက ဧရိယာထဲမှာ ညာခြေနဲ့ ဝေ့ဝိုက်ကန်သွင်းခဲ့ကာ ဦးဆောင်ဂိုးပြန်လည်ရယူသွားခဲ့ပါတယ်။ ယူနိုက်တက်က ဒုတိယပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့ပြီး လိုအပ်နေတဲ့ သွင်းဂိုးတွေကို ရယူနိုင်ခဲ့တာပါ။
(၇၅)မိနစ်မှာတော့ ဆောက်သမ်တန်တို့ အလွတ်တည်ကန်ဘောကတဆင့် သွင်းဂိုး ပြန်လည်ရယူနိုင်ခဲ့ပြီး ဝက်ဒ်ပရောက်စ်က လှလှပပကန်သွင်းခဲ့တာဖြစ်ပြီး တစ်ဖက်နှစ်ဂိုးစီ ဖြစ်သွားခဲ့ပါတယ်။
လက်ကျန်မိနစ်တွေမှာ အနိုင်ဂိုးရဖို့ နှစ်သင်းစလုံး အားထုတ်ခဲ့ကြပြီး စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ခံစစ်ပိုင်းနဲ့ ဂိုးသမားတွေ အမှားအယွင်းမရှိ ကာကွယ်နိုင်ခဲ့ကြလို့ တစ်ဖက်နှစ်ဂိုးစီသာ ဖြစ်နေခဲ့ပါတယ်။ ယူနိုက်တက်က အကွက်မိမိနဲ့ ကစားခဲ့ပြီး အနိုင်ရဖို့ အသားကုန်ညှစ်ကစားခဲ့လို့ ဖရက်ဒ်ရဲ့ ပေးပို့မှုကနေ လူကာကူကပဲ ဧရိယာထဲက အပိုင်ကန်သွင်းခဲ့ပြီး အဖိုးတန်အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ပွဲပြီးနာကျင်အချိန်ပိုမှာလည်း ရက်ရှ်ဖို့ဒ်ကြောင့် ယူနိုက်တက်တို့ ပယ်နယ်တီရရှိခဲ့ပြီး ပေါ့ဂ်ဘာက ကန်သွင်းခဲ့ပေမယ့် ဂိုးမဝင်ခဲ့ပါဘူး။ ပွဲအပြီးမှာတော့ ယူနိုက်တက်က ၃-၂ နဲ့ ဆောက်သမ်တန်ကို အနိုင်ရရှိသွားခဲ့ပါတယ်။