လူကာကူ ချဲလ်ဆီးကို ပြောင်းသွားတဲ့အပေါ် မာရော့တာက ပြောဆိုခဲ့တာပါ။

အင်တာမီလန်ရဲ့ အမှုဆောင်အရာရှိချုပ် မာရော့တာက တိုက်စစ်မှူး လူကာကူဟာ လစာနှစ်ဆလိုချင်လို့ ချဲလ်ဆီးကို ပြောင်းရွှေ့သွားခဲ့တာလို့ ဝေဖန်ပြစ်တင်လိုက်ပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အင်တာမီလန်ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့ကြေး ယူရို (၁၁၅) သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။



လူကာကူကို မခေါ်ယူဖို့ ချဲလ်ဆီးပရိသတ်တွေက ကန့်ကွက်မှုအချို့ရှိခဲ့ပေမယ့် ဟာလန်း၊ လီဝန်ဒေါစကီးတို့ကို မခေါ်ယူနိုင်ခဲ့တဲ့နောက် ချဲလ်ဆီးက အခုလိုပဲ အသင်းရဲ့ ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ လူကာကူ အသင်းကထွက်မသွားဖို့အရေး အင်တာမီလန်က တားမြစ်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က အသင်းပြောင်းဖို့ စိုင်းပြင်းနေတဲ့နောက် အခုလိုပဲ ရောင်းချခဲ့ရတာပါ။

လူကာကူက အင်တာမီလန်ကို ကျေးဇူးတင်စကားဆိုခဲ့ပေမယ့် မာရော့တာကတော့ အခုလိုပဲ စွပ်စွဲပြောကြားခဲ့ပါတယ်။ မာရော့တာက “လူကာကူကို ယူရို (၁၁၅) သန်းနဲ့ ရောင်းထုတ်ပြီး ဂျက်ကို,ကို ကျွန်တော်တို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်ရလိုက်ပါတယ်”

“ဒါက အများကြီး ကွဲပြားခြားနားမှုမရှိပါဘူး။ လူကာကူက လစာ နှစ်ဆ ပိုလိုချင်လို့ ထွက်သွားတာပါ။ အီတလီမှာဆိုရင် အဲ့ဒီလောက်ပမာဏကို ဘယ်လိုမှမရှိနိုင်ပါဘူး။ လက်ရှိအချိန်မှာ ကျွန်တော်တို့က အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မပြုလုပ်နိုင်ပါဘူး”

“နောက်ပြီး လူကာကူကို ထိန်းထားဖို့အတွက်လည်း ယူရို (၇၅) သန်းလောက် မသုံးနိုင်ပါဘူး။ ကျွန်တော်တို့အတွက် အသေးစိတ်ကျပြီး ကျစ်လျစ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ လူကာကူနေရာအတွက် အင်တာမီလန်တို့ ပြန်လည်ခေါ်ယူခဲ့တဲ့ ဂျက်ကိုက လက်ရှိရာသီမှာ အသင်းအတွက် (၇) ဂိုးအထိ သွင်းယူပြီးပါပြီ။

လူကာကူဟာ ချဲလ်ဆီးကို ရောက်ရောက်ချင်း ဂိုးသွင်းခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပုံမှန်ခြေစွမ်းပျောက်ဆုံးကာ (၇) ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ မာလ်မိုနဲ့ပွဲမှာလည်း လူကာကူက ခြေကျင်းဝတ်လည်တဲ့ဒဏ်ရာရသွားခဲ့တာကြောင့် (၂) ပတ်၊ (၃) ပတ်ခန့် အနားယူရလိမ့်မယ်လို့လည်း သိရှိရပါတယ်။ 

Share

က္က