မနေ့ညက မန်စီးတီးနဲ့ အင်တာမီလန်တို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်တိုက်စစ်မှူး လူကာကူက ပရိသတ်တွေအတွက် ပြောစရာအခြေအနေတွေကို ဖန်တီးပေးသွားခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးက ရိုဒရီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အင်တာမီလန်ကလည်း ပွဲချိန်တစ်လျှောက်လုံး ချေပဂိုးရဖို့ အခွင့်အရေးရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ လူကာကူက အပိုင်ခေါင်းတိုက်ချက်တစ်ကြိမ်ကို မန်စီးတီးဂိုးသမား အီဒါဆင်ဆီ တည့်တည့်တိုက်လိုက်ပါတယ်။ ဒါ့အပြင် လူကာကူက အသင်းဖော်ရဲ့ သေချာပေါက် ဂိုးဖြစ်နိုင်တဲ့ ခေါင်းတိုက်ချက်တစ်ကြိမ်ကိုလည်း ရှေ့ကနေ ကာမိသလို ဖြစ်ခဲ့ပြီး စိတ်ပျက်စရာ အခိုက်အတန့်တွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
အင်တာမီလန်ဟာ လူကာကူကို ကွင်းထဲမထည့်ခင်မှာ မန်စီးတီးနဲ့ ဂိုးမရှိသရေကျနေပြီး ကစားပုံကလည်း ပြိုင်ဘက်ကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လူကာကူဝင်လာပြီး (၁၁) မိနစ်အကြာမှာ မန်စီးတီးတို့ တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိသွားခဲ့သလို ရရှိလာတဲ့ အပိုင်အခွင့်အရေးတွေကလည်း လူကာကူကြောင့် ရေစုန်မျောခဲ့ရပါတယ်။
အဲ့ဒါကြောင့်လည်း မန်စီးတီးပရိသတ်တွေက ပွဲအပြီး သူတို့ရဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ လူကာကူကို အသင်းရဲ့ဂန္တဝင်အဖြစ် နောက်ပြောင် ချီးကျူးနေကြပါတယ်။ ပရိသတ်တွေက “လူကာကူက မန်စီးတီးရဲ့ ဂန္တဝင်ကစားသမားပဲ” “သူက မန်စီးတီးအတွက် တစ်ပွဲမှ မကစားပေးဖူးပေမယ့် အသင်းရဲ့ ဂန္တဝင်ဖြစ်သွားပါပြီ” “ဖလားသုံးလုံး အိပ်မက်ပြည့်ဝပါပြီ။ လူကာကူကလည်း မန်စီးတီးသမိုင်းမှာ အကြီးကျယ်အခမ်းနားဆုံး ဂန္တဝင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ” လို့ နောက်ပြောင်ခဲ့ကြပါတယ်။
လူကာကူဟာ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ချဲလ်ဆီး၊ ယူနိုက်တက်တို့မှာ ကစားခဲ့တုန်းကလည်း ဒီလိုမျိုး ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ရမယ့် ဖြစ်ရပ်မျိုးတွေနဲ့ မကြာခဏ ရင်ဆိုင်ခဲ့ရပါတယ်။ အခု ဗိုလ်လုပွဲအပြီးမှာတော့ လူကာကူရဲ့အနာဂတ်အတွက် မိခင်ကလပ် ချဲလ်ဆီးနဲ့ အင်တာမီလန်တို့အကြား ဆွေးနွေးသွားမယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။