ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးက သူတို့ရဲ့ ကစားသမားဟောင်း လူကာကူကို အင်တာမီလန်ဆီကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၁၁၅) သန်းနဲ့ အရခေါ်ယူခဲ့ပါတယ်။
ချဲလ်ဆီးပရိသတ်တွေ ကန့်ကွက်နေတဲ့ကြားထဲက အသင်းတာဝန်ရှိသူတွေဟာ လူကာကူကို အရခေါ်ယူခဲ့တာဖြစ်သလို လူကာကူကလည်း အင်တာမီလန် တားနေတဲ့ကြားထဲက အခုလိုပဲ အသင်းပြောင်းခဲ့တာပါ။
အင်တာမီလန်ဟာ လူကာကူကို လက်လွှတ်ခံခဲ့ရပြီးနောက် ရိုးမားတိုက်စစ်မှူး ဂျက်ကို,ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ချက်ချင်းခေါ်ယူခဲ့ပြီး လက်ရှိအချိန်မှာတော့ ဂျက်ကိုက အင်တာမီလန်အတွက် လိဂ်သွင်းဂိုး (၈) ဂိုးအထိ သွင်းယူပြီးပါပြီ။ အင်တာမီလန်တို့ လူကာကူနေရာအတွက် ဂျက်ကို,ကို ပြန်ခေါ်ခဲ့ချိန်မှာ အသင်းပရိသတ်တွေက သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်ခဲ့ရပါတယ်။
ဒါပေမယ့် အခုချိန်မှာတော့ ချဲလ်ဆီးမှာ လူကာကူပြသနေတဲ့ ခြေစွမ်းထက် အင်တာမီလန်မှာ ဂျက်ကိုပြသနေတဲ့ ခြေစွမ်းက ပိုမိုကောင်းမွန်နေတာပါ။ အဲ့ဒါကြောင့်လည်း အင်တာမီလန်ဥက္ကဌ မာရော့တာက “လူကာကူကို ကျနော်တို့ ယူရို (၁၁၅) သန်းနဲ့ ရောင်းလိုက်တယ်လေ။ ပြီးတော့ ဂျက်ကို,ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်လိုက်တယ်”
“ကွင်းထဲမှာ ဒီကစားသမားနှစ်ယောက် ဘာမှသိပ်မကွာပါဘူး” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ ဂျက်ကိုဟာ အင်တာမီလန်အတွက် ပြိုင်ပွဲစုံသွင်းဂိုး (၁၁) ဂိုးအထိ သွင်းယူပြီးပြီဖြစ်ပေမယ့် လူကာကူကတော့ ချဲလ်ဆီးမှာ ရုန်းကန်နေရဆဲပါ။
လူကာကူဟာ ချဲလ်ဆီးကို ရောက်ရောက်ချင်း အကောင်းဆုံးပုံစံတွေ ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဂိုးပေါက်ပျောက်ဆုံးခဲ့သလို အခုချိန်မှာလည်း ခြေကျင်းဝတ်လည်သွားတဲ့ ဒဏ်ရာကနေ ပြန်လည်ရုန်းထွက်နိုင်ဖို့ ကြံ့ခိုင်မှုပိုင်းမှာ ရုန်းကန်နေရဆဲဖြစ်ပါတယ်။