ချဲလ်ဆီးတို့ ဝုလ်ဗ်ကို နောက်ကျချေပဂိုးတွေ ပေးခဲ့ရတာပါ။

ချဲလ်ဆီးအတွက်တော့ နစ်နာတဲ့ပွဲတပွဲဖြစ်ခဲ့ပါတယ်။ ရှားရှားပါးပါး လူကာကူ ဂိုးသွင်းခြေတွေ့ခါမှပဲ နောက်ကျဂိုးတွေ ပြန်ပေးလိုက်ရပြီး အိမ်ကွင်းမှာ သရေနဲ့ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ချဲလ်ဆီးအတွက်လည်း ဒီရလဒ်ကြောင့် ပရီးမီးယားလိဂ် နောက်ဆုံးငါးပွဲမှာ တပွဲသာ အနိုင်ရထားတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။



ဒီနေ့ပွဲအတွက် ချဲလ်ဆီးတိုက်စစ်မှာ လူကာကူ၊ ဗာနာတို့ ပွဲထွက်ခဲ့ပြီး ပူလီဆစ်၊ လော့ဖ်တပ်ချိခ်တို့လည်း ပါဝင်ခဲ့ပါတယ်။ ကျန်တဲ့နေရာမှာတော့ အပြောင်းအလဲ ကြီးကြီးမားမားမရှိဘဲ တောင့်တင်းတဲ့ လူစာရင်းနဲ့ပဲ ပွဲထွက်ခဲ့တာပါ။ ချဲလ်ဆီးက အမှတ်မလိုဘူးဆိုနိုင်ပေမယ့် အဆင့် (၃) နေရာအတွက် နောက်ပိုင်းပွဲတွေမှာ အရမ်းအမှားခံလို့မရတော့ပါဘူး။

တူဟယ်လ်လည်း ပြီးခဲ့တဲ့အပတ်က ဒီအကြောင်း ပြောထားပေမယ့် အခုလိုမျိုးပဲ အိမ်ကွင်းမှာ လက်လွတ်စပယ် အမှတ်လျော့ခဲ့တာပါ။ ပိုဆိုးတာက ပိုင်ရှင်သစ် တော့ဒ်ဘိုလေ လာကြည့်တဲ့ပွဲမှာပဲ အနိုင်ဂိုးတွေရပြီး ပျော်ရမလိုဖြစ်ပြီးမှ သရေကျသွားခဲ့တာပါပဲ။ ပထမပိုင်းတည်းက ချဲလ်ဆီးတို့ ဂိုးရနိုင်တဲ့ အခွင့်အရေးရှိခဲ့တာပါ။

ဒါပေမယ့် ရူဒီဂါရဲ့ သွင်းဂိုးက VAR နဲ့ ပယ်ဖျက်ခံခဲ့ရပြီး ပထမပိုင်းမှာတော့ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာပဲ ချဲလ်ဆီးတို့ ပင်နယ်တီရရှိခဲ့ပါတယ်။ ဒီပင်နယ်တီကိုတော့ အသင်းအတွက် ပွဲထွက်ခွင့်ရော၊ ဂိုးပေါက်ရော ကာလရှည်ပျောက်ဆုံးနေတဲ့ လူကာကူက ကန်သွင်းပေးခဲ့ပါတယ်။ တမိနစ်ခြားပြီးတဲ့နောက်မှာလည်း လူကာကူက ချဲလ်ဆီးအတွက် ဒုတိယဂိုး ထပ်သွင်းပေးခဲ့ပါတယ်။

ချဲလ်ဆီးတို့ ပိုင်ရှင်သစ်ကို သက်သောင့်သက်သာနိုင်ပွဲနဲ့ ကြိုဆိုနိုင်ပြီ ထင်ခဲ့ကြပေမယ့် တက်တက်စင် လွဲချော်ခဲ့ပါတယ်။ (၇၉) မိနစ်မှာ ထရင်ကာအိုရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရတဲ့ ချဲလ်ဆီးဟာ နာကျင်အချိန်ပို မိနစ် (၉၀) ရဲ့ (၇) မိနစ်မှာမှ ကိုအာဒီရဲ့ သွင်းဂိုးကို ထပ်မံခွင့်ပြုလိုက်ရတာကြောင့် အိမ်ကွင်းမှာ နှစ်ဂိုးစီသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Share

Loading Next Article...
က္က