လူကာကူအတွက် တဂိုးသွင်းမယ့်အရေးကို ချဲလ်ဆီးတို့ ပေါင်သန်းချီပေးလိုက်ရတာပါ။

ချဲလ်ဆီးဟာ တိုက်စစ်မှူး လူကာကူကို အင်တာမီလန်ထံ ပြန်လည်အငှားချဖို့ သဘောတူညီလိုက်ရပြီဖြစ်ပါတယ်။ ဒီကစားသမားကို အသင်းပိုင်ရှင် တော့ဒ်ဘိုလီက အသင်းမှာဆက်ထိန်းထားဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က အင်တာမီလန်ကို ပြန်ချင်ခဲ့ပါတယ်။



အခုတခါမှာတော့ နှစ်သင်းကြား လူကာကူကို အငှားချဖို့ သဘောတူညီမှုရရှိခဲ့ပြီး ချဲလ်ဆီးက လူကာကူကို အငှားချဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို (၈) သန်းနဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ကာ အပိုဆုကြေး ယူရို (၄) သန်းရရှိမှာပါ။ ဒါ့အပြင် လူကာကူဟာ အင်တာမီလန်ကို ပြန်ခွင့်ရဖို့ သူ့ရဲ့တနှစ်လုပ်ခ ယူရို (၁၂) သန်းကနေ (၈) သန်းအထိ လျှော့ယူသွားခဲ့ပါတယ်။

ဒါဟာ ချဲလ်ဆီးပရိသတ်တွေနဲ့ အသင်းတာဝန်ရှိသူတွေအတွက်တော့ ဒေါသထွက်စရာကိစ္စဖြစ်ခဲ့ပါတယ်။ လူကာကူကို ပြီးခဲ့တဲ့ နွေရာသီကမှ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၉၇.၅) သန်း ပေါင်သန်း (၁၀၀) နီးပါး အသုံးပြုပြီး ပြန်လည်ခေါ်ယူခဲ့တာပါ။ ဒါပေမယ့် ဒီကစားသမားက ရာသီတဝက်မကျိုးခင်မှာတင် ချဲလ်ဆီးကို ပြဿနာရှာခဲ့ပြီး အသင်းဟောင်း အင်တာမီလန်ကို ပြန်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လူကာကူဟာ ပြီးခဲ့တဲ့တရာသီလုံး ပြိုင်ပွဲစုံသွင်းဂိုးအားလုံးပေါင်းက (၁၅) ဂိုးသာရှိခဲ့တာပါ။ ဒါဟာ အချိုးကျတွက်ကြည့်ရင် လူကာကူတဂိုးသွင်းဖို့အရေးကို ချဲလ်ဆီးက ပေါင် (၆) သန်းပေးချေခဲ့ရတာဖြစ်ပြီး တော်တော်လေးကို ဆိုးရွားတဲ့ ခေါ်ယူမှုဖြစ်ခဲ့ရပါတယ်။ ဒါဟာပြောင်းရွှေ့ကြေးသီးသန့်ဖြစ်ပြီး ကစားသမားရဲ့ လုပ်ခလစာကို ထည့်သွင်းတွက်ချက်ရခြင်းမရှိသေးပါဘူး။

လူကာကူကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားတဲ့အချိန်မှာ ချဲလ်ဆီးပရိသတ်အချို့က ကန့်ကွက်ခဲ့ပေမယ့် အသင်းတာဝန်ရှိသူတွေဘက်က အရခေါ်ယူခဲ့တာဖြစ်ပါတယ်။ အခု အင်တာမီလန်ကို အငှားချတာက ပေးလိုက်ရတဲ့ပြောင်းရွှေ့ကြေးရဲ့ ဆယ်ပုံတပုံခန့်သာရှိပြီး ပြန်လည်ရောင်းချတဲ့နေရာမှာလည်း ချဲလ်ဆီးတို့ လူကာကူကြောင့် သေချာပေါက် အရှုံးပေါ်ဦးမှာပါ။ 

Share

က္က